ကလေးမြို့တွင် လူကုန်ကူးမှု တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
DVB
·
December 11, 2016

အိန္ဒိယ အခြေစိုက် Inpluse Case Info Centre (ICIC) အဖွဲ့က ဦးဆောင်တဲ့ လူကုန်ကူးမှု အသိပညာပေး ချိတ်ဆက် တားဆီးရေး ဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကလေးမြို့မှာ လေးရက် ပြုလုပ်ခဲ့ပါတယ်။
"ဒီပွဲ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က လူကုန်ကူးမှုတွေ ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းတွေကို သွားတယ်။ အစိုးရအဖွဲ့အစည်းတွေရယ်၊ မီဒီယာတွေရယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရယ် ချိတ်ဆက်ပြီး လူကုန်ကူးမှု အသိပညာပေးဆွေးနွေးတယ်။ ပြီးတော့ ဒေသအသီးသီး လူကုန်ကူးမှုတွေအတွက် ချိတ်ဆက် တားဆီးကြဖို့ ဖြစ်ပါတယ်" လို့ ICIC က Case Manager မဝါဝါလင်းထွန်းက ပြောပါတယ်။
ကလေးမြို့မှာတော့ ၂၀၁၆ ခုနှစ်အတွင်း လူကုန်တားဥပဒေနဲ့ အရေးယူနိုင်ခဲ့မှု တမှုသာ ရှိနေပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့တစ်မှု အမှုဖွင့် ဆောင်ရွက်ဆဲ ရှိတယ်လို့ လူကုန်တား ရဲတပ်ဖွဲ့က ပြောပါတယ်။
"လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး လုပ်ရတာ ခက်ခဲမှုတွေရှိတယ်။ အဓိကခက်တာက ပြဿနာ ဖြစ်တာက အမှုဖွင့်တုန်းက ထွက်ဆိုတာက တမျိုး၊ နောက်တော့ အချင်းချင်း ညှိနှိုင်းပြီး တရားရုံးရောက်တော့ ထွက်ဆိုချက်တွေ ပြောင်းကုန်တယ်။ ဒီလိုဆိုတော့ လူပွဲစားတွေ အရေးမယူနိုင်တော့ဘူး။ သူတို့ လွတ်သွားတော့ ဒီလို ညှိနှိုင်းမှုတွေဟာ လူကုန်ကူးမှုတွေကို အားပေးရာ ရောက်နေပါတယ်" လို့ ကလေးခရိုင် လူကုန်တား ရဲတပ်ဖွဲ့က ရဲအုပ် ဝင်းလှိုင်က ပြောပါတယ်။
ဆွေးနွေးပွဲကို ကလေးမြို့ သတင်းမီဒီယာသမားတွေ၊ ဒေသ အစိုးရအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပြီး ICIC အနေနဲ့ မီဒီယာများနဲ့ ၂ ရက် အရပ်ဖက် အဖွဲ့အစည်းများ အစိုးရများနဲ့ ၂ ရက် ခွဲပြီး လူကုန်ကူးမှု တားဆီးလျောချရေးအတွက် ဆွေးနွေးခဲ့ပါတယ်။
မင်းရဲစစ်နိုင်