Homeမြန်မာသတင်း
ဧည့်လမ်းညွှန်များကို စောင့်ကြည့်အရေးယူမည်ဆိုသည့်ကြေညာချက်အပေါ် တုံ့ပြန်စာပို့
ဧည့်လမ်းညွှန်များကို စောင့်ကြည့်အရေးယူမည်ဆိုသည့်ကြေညာချက်အပေါ် တုံ့ပြန်စာပို့
ရွှေအောင်
·
November 17, 2011
နိုင်ငံခြား ခရီးသွားဧည့်သည် စောင့်ရှောက်ရေး အဖွဲ့တွေက ဧည့်လမ်းညွှန်တွေကို စောင့်ကြည့် အရေးယူသွားမယ်ဆိုတဲ့ သတင်းစာပါ ပြည်သူသိကြေညာချက်အပေါ် ဧည့်လမ်းညွှန်အသင်းက တုံ့ပြန်စာ ပေးပို့လိုက်ပါတယ်။
နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီက နိုဝင်ဘာ ၅ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဧည့်လမ်းညွှန်များ သိစေရန် အသိပေးကြေညာချက် ထည့်သွင်းဖော်ပြလိုက်တဲ့အပေါ် အခုလို စာရေးပြီး တုံ့ပြန်လိုက်တာပါ။
စာကို မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဦးဝင်းဇော်ဦး လက်မှတ်ထိုးပြီး နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ ကော်မတီကို ပေးပို့ခဲ့ပါတယ်။
သတင်းစာပါ အသိပေးကြေညာချက်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လည်တာများတဲ့ ရွှေတိဂုံ၊ ပုဂံ၊ ကျိုက်ထီးရိုးစတဲ့ နေရာတွေမှာ ဧည့်လမ်းညွှန်တွေရဲ့ ရှင်းပြတာတွေ၊ စည်းကမ်း ရှိမရှိ စတာတွေကို နိုင်ငံခြားသား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေးအဖွဲ့တွေက ကြည့်ရှုကြပ်မတ်သွားမယ်၊ စည်းကမ်းဖောက်တာ တွေ့ရင် အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
ခရီးသွားစောင့်ရှောက်ရေးအဖွဲ့မှာ ဟိုတယ်ခရီး၊ ရဲနဲ့ အထွေထွေအုပ်ချုပ်ရေး အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။
ဒီအဖွဲ့တွေဟာ ဧည့်လမ်းညွှန်တွေကို စောင့်ကြည့်အရေးယူမယ့်အဖွဲ့တွေ မဖြစ်သင့်ဘဲ အကူအညီပေးမယ့် အဖွဲ့တွေပဲ ဖြစ်သင့်တယ်လို့လည်း ဧည့်လမ်းညွှန်အသင်းရဲ့တုံ့ပြန်စာမှာ ဖော်ပြထားပါတယ်။
ဧည့်လမ်းညွှန်အသင်းအဖွဲ့ဝင် ကိုညီညီက “ကျနော်တို့က လောလောဆယ်တော့ သူတို့ ဘယ်လို action (လှုပ်ရှား) မယ်ဆိုတာကို စောင့်ကြည့်မယ်ပေါ့နော်။ စောင့်ကြည့်လို့ သူတို့ ကျနော်တို့အပေါ်မှာ ဆက်ဆံပုံတွေက လက်ခံနိုင်ဖွယ်ရာ ရှိရင်တော့ ဒီအတိုင်းပဲ နေမယ်ပေါ့ဗျာ။ တကယ်လို့ တော်တော်ကို လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုရင်တော့ ကျနော်တို့က အသင်းအဖွဲ့လည်း ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီလမ်းကြောင်းမှန်အတိုင်းပဲ ကျနော်တို့က တဆင့်ချင်းတက်ပေါ့ဗျာ။ ဝန်ကြီးဆီ စာတင်မယ်၊ ဝန်ကြီးဆီမရရင် သမ္မတပေါ့။ ဒီလို တဆင့်ပြီးတဆင့် လုပ်ရမှာပေါ့” လို့ ဆိုပါတယ်။
ဧည့်လမ်းညွှန်အသင်းရဲ့ တုံ့ပြန်စာအပေါ် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မပေးပါက ဆက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ကိုညီညီက ခုလို ပြောပါတယ်။
“တခါတလေကျရင် ဧည့်သည်က မန္တလေးတောင်ပေါ်လို နေရာမျိုးမှာဗျာ၊ သူတို့က နေဝင်ချိန်အလှကို အေးအေးဆေးဆေး ခံစားနေတာဆိုတော့ ကျနော်တို့က အဲဒီအချိန်မှာ သွားပြီးတော့ မန္တလေးမြို့ကြီး သမိုင်းတို့၊ မန္တလေးတောင် အတ္ထုပ္ပတ္တိတို့ ဒါတွေ ပြောနေလို့ရှိရင် အနှောင့်အယှက် ဖြစ်တယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့က ဘာလုပ်ရလဲဆိုတော့ အေးအေးလေး သူတို့နဲ့ ဝေးတဲ့ နေရာမှာ သွားပြီးတော့ နေဝင်ချိန်ကို အေးအေးလူလူ ကြည့်နိုင်အောင်လို့ ကျနော်တို့က အလိုက်သိသိ ရှောင်ပေးရတယ်ခင်ဗျ။ အဲဒီလို ရှောင်ပေးတာကိုက ကျနော်တို့ရဲ့ အလုပ်ဗျ။ ကျနော်တို့ အလုပ်လုပ်နေတာ။ မသိတဲ့ လူတွေကတော့ဗျာ ဧည့်လမ်းညွှန်တွေက ဧည့်သည်ကို ရှင်းမပြပဲနဲ့ ဟိုမှာသွားပြီးတော့ ငုတ်တုတ်ထိုင် ပြီးတော့ သူတို့ဟာသူတို့ နေနေကြတယ် ဒီလို ထင်တယ်ဗျ မသိလို့ရှိရင်။ အဲဒီလိုမျိုး သဘာဝတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို စောင့်ကြည့်မယ်တို့၊ အရေးယူမယ်တို့ လုပ်တဲ့လူတွေကျတော့ ကျနော်တို့ လုပ်ငန်းကို သဘောသဘာဝကို နားလည်တဲ့လူ ဆိုရင်တော့ ကောင်းတာပေါ့။ နားမလည်ပဲနဲ့ လာပြီးတော့ အရေးယူမယ်ဆိုတော့ ဘာကိုအရေးယူမှာလဲ၊ ဒါတွေက အများကြီး ပြောစရာရှိတာပေါ့။”
နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီကို ဟိုတယ်ခရီး ဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းထားတာ ဖြစ်ပြီး ညွှန်မှူး ဦးဌေးအောင်ကို ဆက်သွယ်မေးမြန်းရာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။