ကိုမင်းကိုနိုင်ကို အင်းစိန်ထောင် ပြောင်းရွှေ့
DVB
·
November 17, 2011
ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ နှစ်ရှည်ထောင် အကျဉ်းကျခံနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ရန်ကုန်ကို ခေါ်သွားတယ်လို့ ထောင်အာဏာပိုင်က အတည်ပြုပြောကြားပါတယ်။
ကိုမင်းကိုနိုင်ကို ဒီကနေ့ မြန်မာစံတော်ချိန် ၁၂နာရီလောက်မှာ မြန်မာ့လေကြောင်းလိုင်းက လေယာဉ်နဲ့ ရန်ကုန်ကို တင်ပေးလိုက်တယ်လို့ ပြောပါတယ်။
ကိုမင်းကိုနိုင်ကို အင်းစိန်အကျဉ်းထောင်ကနေ အခြား နယ်ထောင် တခုခုဆီကို ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ကိုမင်းကိုနိုင်ဟာ ၂၀၀၇ ခုနှစ် ဩဂုတ်လအတွင်း စစ်အစိုးရရဲ့ လောင်စာဆီ ဈေးနှုန်းမြှင့်တင်မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့အပြီးမှာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် နအဖစစ်အစိုးရက ထောင်ဒဏ် ၆၅နှစ် အပြစ်ပေးကာ ၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ မိသားစုနဲ့ ဝေးရာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကို ပို့ဆောင်ခဲ့ပါတယ်။