လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်ခဲ့သည့် ဘရာဇီးဘောလုံးသမား ပထမဆုံးရုပ်သံ ထုတ်လွှင့်

ကိုလံဘီယာလေယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီး အသက်ရှင်သန် လွတ်မြောက်ခဲ့တဲ့ ဘရာဇီးဘောလုံးသမားတဦးဟာ စကားပြောနိုင်ခဲ့ပြီး လမ်းလည်း ပြန်လျှောက်နိုင်ခဲ့ကာ ပထမဆုံး ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်နိုင်ခဲ့ပါပြီ။ ဘရာဇီး ပထမတန်းဘောလုံးအသင်းတသင်းဖြစ်တဲ့ ချာပက်ကိုအန်ဆီ (Chapecoense) အသင်းမှ နောက်ခံကစားသမား အဲလန်ရပ်စ်ချယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေယာဉ်မတော်တဆပျက်ကျမှုကနေ ကံကောင်းထောက်မစွာ ရှင်သန်လွတ်မြောက်လာခဲ့ပေမယ့် ကျိုးပဲ့ထိခိုက်ဒဏ်ရာတွေကို ကုသနေခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ အကူတယောက်နဲ့အတူ လမ်းလျှောက်ခဲ့ပြီး ရုပ်သံကင်မရာဘက်ကိုလှည့်ကာ စကားပြောခဲ့တာကို တွေ့ရမှာပါ။ ဒါဟာ ကိုလံဘီယာနိုင်ငံ၊ ရီယိုနီဂရာမြို့၊ ဆိုမာဆေးခန်းမှာ ကုသနေခဲ့ရာက ပထမဆုံး လမ်းပြန်လျှောက်နိုင်ခဲ့တာကို မှတ်တမ်းတင်ရိုက်ကူးခဲ့တာပါ။ သူက “ကျနော့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပြန်ကောင်းလာနိုင်ဖို့အတွက် စိတ်ပူပန်ပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ အဲလန်ရပ်စ်ချယ်ဖြစ်ပါတယ်” လို့ နှုတ်ဆက်စကား ပြောခဲ့တာပါ။ အဲဒီနောက်တော့ သူဟာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာကြောင်း ပြောခဲ့ပြီး ဆေးဝါးကုသမှုတွေအားလုံး ပြီးဆုံးချိန်မှာ ဘရာဇီးနိုင်ငံကို ပြန်သွားမယ်လို့ ပြောလိုက်တာပါ။ “ခင်ဗျားတို့အားလုံးရဲ့ အားပေးမှုတွေ၊ လက်ခံရရှိတဲ့ သတင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။” လေယာဉ်မတော်တဆပျက်ကျမှုကြောင့် ကစားသမားတွေ ဆုံးရှုံးခဲ့ရတဲ့ ချာပက်ကိုအန်ဆီအသင်းကို လာမယ့်နှစ်မှာ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေရဲ့ စိတ်အင်အားနဲ့ ပြန်လည်တည်ဆောက်သွားမယ်လို့ သူက ပြောလိုက်တာပါ။ လူ ၈၁ ဦး တင်ဆောင်လာတဲ့ လေယာဉ်ပျက်ကျမှုကြောင့် နိုဝင်ဘာ ၂၉ ရက် မနက်အထိ ဘောလုံးသမားတွေ အပါအ၀င် သေဆုံးသူ ၇၅ ဦးရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up