Home
မြန်မာသတင်း
MLM ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်းများကို အရေးယူရန် လုပ်ဆောင်နေ
ရွှေအောင်
·
December 8, 2016
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ Multi-Level Marketing - MLM ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်းတွေကို စိစစ်နေပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အတွင်း ရန်ကုန်တိုင်း၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးရဲ့ MLM ဈေးရောင်းလုပ်ငန်းကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူ ဆောင်ရွက်ဖို့ အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြည်ထဲရေးဒုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ MLM ကုမ္ပဏီများနဲ့ ပတ်သက်တဲ့ စာရင်းဇယား အသေးစိတ်အချက်အလက်တွေကိုလည်း ကျနော်တို့ စိစစ်ကောက်ယူ လျက် ရှိပါတယ်။ လက်ရှိ အခြေအနေအထိ ရရှိထားတဲ့ ကုမ္ပဏီများနဲ့ ပတ်သက်လို့လည်း ပြဋ္ဌာန်း ထားတဲ့ တည်ဆဲဥပဒေများနဲ့ စိစစ်တဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနတခုတည်းသာမကဘဲ တင်ပြခဲ့တဲ့ ပုဒ်မ ၄ ပုဒ်မခွဲ ဂ အရသာမက FDA စစ်ဆေးမှုဆိုင်ရာ ပုဒ်မ၊ ပို့ကုန်တင်သွင်းမှု ပုဒ်မ၊ အခွန်ပုဒ်မ စတဲ့ အချက်တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း။” အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံများမှာ MLM ဈေးရောင်းလုပ်ငန်းကို ဥပဒေတွေ ပြဋ္ဌာန်းပြီး တားမြစ်ပိတ်ပင်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ ဥပဒေပြ၏ာန်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက “MLM စနစ်နဲ့ စပ်လျဉ်းပြီး ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုရှိခြင်းတို့ ဖြစ်ပေါ်လာပါက စိစစ်ပေါ်ပေါက်ချက်အပေါ် မူတည်၍ အရေးကြီးကုန်စည်နဲ့ ၀န်ဆောင်မှု ဥပဒေ၊ ၀င်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေစသည့် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား အပ်ပါတယ်”လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။ မြန်မာပြည်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း MLM ဈေးရောင်းလုပ်ငန်း လုပ်ကိုင်တဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၃ ကို အရေးပေါ်စီမံမှုအက်ဥပဒေနဲ့ အရေးယူခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024