သဘောထား တင်းမာသူ မရှိဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းပြော
နေသွင်
·
November 17, 2011
လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့တွင်းမှာ သဘောထား တင်းမာသူတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ငြင်းဆန်လိုက်ပြီး လက်ရှိ အပြောင်းအလဲတွေကလည်း နောက်ပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
[caption id="attachment_15766" align="alignleft" width="310" caption="ဦးကျော်ဆန်း"][/caption]
ဝေါစထရိ ဂျာနယ်နှင့် အင်တာဗျူးမှာ အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူအဖြစ် အများက သတ်မှတ်ခံထားရသူ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အခုလို ပြောပါတယ်။
“အစိုးရအဖွဲ့အတွင်းမှာ ပြုပြင်ပြောင်းလဲလိုသူ အုပ်စုနဲ့ သဘောထား တင်းမာတဲ့ အုပ်စုတွေ ရှိနေပြီးတော့ သဘောထားတွေ ကွဲနေတယ်ဆိုတဲ့ ဝေဖန်ချက်များဟာ လုံးဝ မှန်ကန်မှုမရှိပါဘူး။ ဒီလို ဝေဖန်စွပ်စွဲ ပြောဆိုနေမှုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ရှိမှုကို မျက်ကွယ်ပြုပြီး အစိုးရအဖွဲ့အတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက်ပြီး လုပ်ငန်းစဉ်တွေ အခက်အခဲ ဖြစ်အောင် သွေးထိုး ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။”
လက်ရှိ အပြောင်းအလဲတွေဟာလည်း ယာယီ အပြောင်းအလဲတွေ မဟုတ်ဘူးလို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးကျော်ဆန်းက ဆိုပါတယ်။
“အဖွဲ့အစည်းတခုဟာ သာမာန် လုပ်နေတာ မဟုတ်ပါဘူး။ အခြေခံဥပဒေနဲ့ အညီ စနစ်တကျ စီစဉ်ပြီးကာမှ ဆောင်ရွက်နေတဲ့ အပြောင်းအလဲများ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲမှုတွေရဲ့ လေးနက်မှုနဲ့ ခိုင်မာမှုကို တွေ့နိုင်ပါတယ်။ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အချုပ်ပြောရရင် ကျနော်တို့ရဲ့ ဒီကနေ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အများက ပြောနေသလို အပေါ်ယံ ယာယီ ပြုပြင်ပြောင်းလဲမှု မဟုတ်ပါဘူး။”
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘာလုပ်နေသလဲဆိုတဲ့ သတင်းထောက်ရဲ့ အမေးကို ဦးကျော်ဆန်းက စကားပြန်ကတဆင့် အခုလို ဖြေပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သူ့အိမ်မှာပဲ ရှိနေပါတယ်။ သူ့အိမ်ထဲမှာ အမြဲတမ်းစာတွေပဲ ဖတ်ပြီးတော့ ရှိနေပါတယ်။”
ဦးကျော်ဆန်းဟာ စစ်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သလို လက်ရှိ အစိုးရလက်ထက်မှာ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်တာဝန်ယူနေပါတယ်။
သူ့ကို အပြောင်းအလဲကို မလိုလားသူ၊ အတိုက်အခံတွေအပေါ် သဘောထား တင်းမာသူအဖြစ် ပြည်တွင်း မီဒီယာအသိုင်းအ၀ိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တရားဝင် အာဏာလွှဲပြောင်း ယူခဲ့တဲ့ အချိန်ကစလို့ နိုင်ငံရေး အပြောင်းအလဲတချို့ လုပ်လာတယ်လို့ အကောင်းမြင်သူတွေ ရှိသလို၊ သံသယနဲ့ စောင့်ကြည့် နေတာတွေလည်း ရှိပါတယ်။
ရွေးကောက်ပွဲအလွန် တနှစ်ကာလအတွင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင် ပြန်လွတ်လာခဲ့ပေမယ့် အနည်းဆုံး ၆၀၀ ကနေ ၂၀၀၀ နီးပါး အကျဉ်းထောင်တွေမှာ ကျန်နေပါသေးတယ်။
အစိုးရသစ်ဟာ တဖက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသလို၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေတုန်းပါပဲ။