လာမည့် ရက်သတ္တပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်
DVB
·
December 6, 2016
လာမယ့်ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်လာတော့မယ့် အခါလွန်မုန်တိုင်းဟာ မြန်မာနိုင်ငံအတွင်းကို ၀င်ဖို့ အလားအလာ မရှိသလောက်နည်းပေမယ့် သူ့ကြောင့် မြန်မာနိုင်ငံမှာ အချိန်အခါမဟုတ် (အခါလွန်) မိုးတွေ ရွာဖို့ရှိနေတယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့မနက်ကစပြီး နောက် နာရီ ၁၂၀ အတွင်း ဧရာဝတီတိုင်းမှာ နေရာအနှံ့အပြား မိုးရေချိန် ၂ လက်မကျော်ခန့်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျားမှ ကျဲကျဲ မိုးရေချိန် ၁ လက်မခန့် ရွာသွန်းနိုင်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း တပြည်လုံးမှာ နေရာကွက်ကျားမှ ကျဲကျဲ၊ ရှမ်းပြည်နယ်မှာ မိုးရေချိန် ၁ လက်မမှ ၂ လက်မခန့်နဲ့ ကျန်ဒေသတွေမှာ အများဆုံး ၁ လက်မခန့် ရွာသွန်းနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။