Home
မြန်မာသတင်း
မြန်မာနှင့်မလေးရှားကာကွယ်ရေးဦးစီးချုပ်တို့ ရခိုင်ပြည်နယ်အရေးဆွေးနွေး
DVB
·
December 5, 2016
ရခိုင်ပြည်နယ်မှာထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမရှိကြောင်းနဲ့ ဥပဒေ ချိုးဖောက်မှုရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီး လာရောက်တဲ့ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇူလ်ကီဖလီ ဘင်မိုဟာမက်ဇာအင်ကို မြန်မာတပ်မတော်အကြီးအကဲက ဒီကနေ့ မနက် နေပြည်တော်မှာ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီအရေးကိစ္စတွေနဲ့ ပတ်သက်၍ မိမိလုံခြုံရေး အဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှု မရှိကြောင်းနဲ့ ဒီဒေသမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေလည်းရှိနေတာကြောင့် မဟုတ်မမှန် ပြောဆိုလို့ မရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ အညီဖြစ်စေဖို့ ကြိုးပမ်းလုပ်ဆောင်ရာမှာ ဘင်္ဂါလီတွေအနေနဲ့ ဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့လို့ ဖြစ်ပေါ်လာရတာဖြစ်ကြောင်း၊ မိမိနိုင်ငံရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိကြောင်းနဲ့ အဖွဲ့အစည်းတွေနဲ့လည်း စုံစမ်း စစ်ဆေးမှုတွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အတွက် အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပြပွဲတွေ အပြန်အလှန်တက်ရောက်ရေး၊ လေ့ကျင့်ရေးသင်တန်းတွေတိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်ရေးအပြင် အားကစားနဲ့ ကျန်းမာရေးကိစ္စတွေပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ မြန်မာကိုဆန့်ကျင်တဲ့ ဆနပြပွဲတွေအရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ခုလို မလေးရှားတပ်မတော် အကြီးအကဲ တဦးမြန်မာပြည်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မကြာခင် တာဝန်ကနေ အငြိမ်းစားယူမှာဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားဖို့ရှိနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024