လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများသုံးပြီး မုံးကိုး စခန်းသိမ်းတိုက်ပွဲ ခုခံနေဟု ဆို

တပ်မတော်က လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ ပစ်ကူပေးပြီး မုံးကိုး စခန်းသိမ်းတိုက်ပွဲကို ခုခံကာကွယ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ တပ်စခန်းရဲ့ အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တို့ကနေ အကြမ်းဖက် သောင်းကျန်းသူတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး လက်နက်ကြီး ပစ်ကူယူ ချဉ်းကပ်ကာ စခန်းသိမ်းတိုက်ပွဲ ထပ်မံဆင်နွှဲလာလို့ အခုလို ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ ရန်သူ့ချဉ်းကပ်မှု ရပ်တန့်သွားခဲ့ပြီး ဖြစ်စဉ်မှာ ရန်သူ့အလောင်း ၃ လောင်းနဲ့ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ သောင်းကျန်းသူတွေဟာ မုံးကိုးစခန်းအား သာလွန်အင်အားတွေနဲ့ အကြိမ်ကြိမ်ကျားထိုးကာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပေမယ့် စခန်းရှိ တပ်မတော်သားတွေက ရွပ်ရွပ်ချွံချွံ ကျားကုတ်ကျားခဲ ရင်ဆိုင်တိုက်ပွဲဝင်နေတယ်လို့လည်း သတင်းမှာ ရေးပါတယ်။ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ဘက်ကလည်း တပ်မတော်ဟာ ဒေသခံတွေကို လူသားဒိုင်းသဖွယ်သုံးပြီး မုံးကိုးဗျုဟာကုန်းကို ခုခံကာကွယ်နေတယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေတပ်ဖွဲ့တို့ဟာ မုံးကိုးမှာ ဒေသန္တရ သာလွန်အင်အားနဲ့ တိုက်ခိုက်နေတယ်လို့ မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်ထဲ ပြောခဲ့ပါတယ်။

More News
Up