Homeမြန်မာသတင်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ
DVB
·
December 2, 2016
နိုင်ငံသူနိုင်ငံသားတွေအားလုံး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဝိုင်းဝန်းပူးပေါင်း တက်ညီလက်ညီဆောင်ရွက်သွားကြဖို့ စင်ကာပူနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။
မနေ့ညက စင်ကာပူနိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံပြောကြားလိုက်တာဖြစ်ပြီး ကိုယ်ရောက်ရှိနေတဲ့နိုင်ငံပေါ် မူတည်ပြီး အကောင်းဆုံးသော အခြေအနေကောင်းတွေ ရယူကာ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့ သားသမီးတွေကို မိမိနိုင်ငံအပေါ် မေ့လျော့မသွားစေဖို့၊ နိုင်ငံချစ်စိတ်နဲ့ ပြုစု ပျိုးထောင်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလမှာ စင်ကာပူရောက်မြန်မာတွေရဲ့တာဝန်ကျေပွန်မှု၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေအပေါ် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်ရည်ရွယ်ချက်တွေမှာ အဓိကကျတဲ့ အချက်ကြီး ၂ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်လာကြသူတွေကိုယ်စား မြန်မာကလပ်(စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်းက မေးခွန်းတွေကို မေးမြန်းခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါတယ်။