မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး သဘောတူ
DVB
·
November 15, 2011
မြန်မာကို အာဆီယံဥက္ကဋ္ဌရာထူး ၂၀၁၄ မှာ ယူဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူထောက်ခံလိုက်ကြပါပြီ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီနေ့ စတင်ကျင်းပတဲ့ ၄၄ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘောတူလိုက်ကြတာပါ။
အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံ တွေက အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အလှည့်ကျ တာဝန်ယူရမြဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မှာ လာအို အလှည့်ကျပေမယ့် မြန်မာအစိုးရက ညှိနှိုင်းယူလိုက်တာဖြစ်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌရာထူးယူတဲ့နိုင်ငံက ယူရတဲ့တာဝန်တွေထဲမှာ အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အစည်းဝေးတွေကို လက်ခံကျင်းတာလည်း ပါဝင်ပါတယ်။
မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (AIPMC) ကတော့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့ထိ စောင့်ကြည့်ပြီး မြန်မာအစိုးရကို အာဆီယံဥက္ကဌရာထူး မပေးသေးဖို့ တောင်းဆိုထားပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ ကျန်နေသေးတာ စတဲ့အချက်တွေကို (AIPMC) က ထောက်ပြပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါကတော့ မြန်မာနိုင်ငံဟာ ချမှတ်ထားတဲ့ ဒီမိုကရေစီလမ်းပြမြေပုံကို လက်တွေ့ လုပ်ဆောင်နေတယ်၊ တိုးတက်မှုတွေ တွေ့နေရပြီ၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ် ပေါ်နေတဲ့ တိုးတက်မှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုဖို့လိုတယ် စသဖြင့် သတင်းထောက်တွေကို ပြောကြားပါတယ်။
မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရေးအတွက် မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ အရင်လက မြန်မာနိုင်ငံကို သွားရောက်ပြီး သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌနေရာအတွက် ကြိုးပမ်းနေတာဟာ နိုင်ငံတကာ အသိအမှတ်ပြုတာကို လိုချင်လို့ပဲလို့ နိုင်ငံရေးသမားတချို့က ဝေဖန်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ အလှည့်ကျခဲ့ပေမယ့် အဲဒီတုန်းက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး နှေးကွေးမှုတို့ကြောင့် အနောက်နိုင်ငံတွေက ဖိအားပေးလို့ အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။
အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) မှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။