မုံးကိုးစခန်းသိမ်းတိုက်ပွဲပြင်းထန်ဖြစ်ပွား၊ လေကြောင်းပစ်ကူသုံးတိုက်ခိုက်ခဲ့ရ

ရှမ်းပြည်နယ် မုံးကိုးမြို့ရှိ တပ်မတော်စခန်းတွေကို ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ ရခိုင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက  အင်အားအလုံးအရင်းနဲ့ တနေ့ကုန်နီးပါး လာရောက်တိုက်ခိုက် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါ တယ်။ KIA/TNLA/MNDAA/AA တပ်တွေက  ဒီဇင်ဘာ ၁ရက် နံနက် ၉ နာရီခန့်ကစပြီး မုံးကိုးမြို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ်စခန်းနဲ့  ဟေမိုးလုံ တောင်ဘက်ခြမ်းနေရာတွေကို သာလွန်အင်အားနဲ့  စခန်းသိမ်းတိုက်ပွဲဆင်နွှဲဖို့ အကြိမ်ကြိမ်ကျားထိုးတက်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တပ်မတော်က နယ်မြေစခန်းတွေ မဆုံးရှုံးစေဖို့  စခန်းရဲ့ ကိုက် ၁၀၀ ၀န်းကျင်အနီး ကျည်ကျရောက်တဲ့အထိ  လေကြောင်းပစ်ကူနဲ့ အမြောက်ပစ်ကူတွေသုံးပြီး ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ညနေ ၄ နာရီလောက်မှာ တိုက်ပွဲ အရှိန်ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ အရပ်ဝတ်တွေဝတ်ဆင်ပြီး မုံးကိုးမြို့ထဲရှိ အိမ်တွေနဲ့ အဆောက်အအုံတွေကို အကာအကွယ်ယူ ကာတိုက်ခိုက်လာလို့ တပ်မတော်အနေနဲ့ အနီးကပ် ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ရပြီး နေအိမ်တချို့ ထိခိုက် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန် ချက်မှာဖော်ပြပါတယ်။ ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up