ထိုင်း ၂ ဦးထံမှ ပုလင်းများ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမဟုတ်ဟု ရဲတပ်ဖွဲ့ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့တဲ့ M-150 ပုလင်းထဲက အရည်တွေဟာ ထိုင်းနိုင်ငံသား ၂ ဦး သယ်လာတဲ့ စားအုံးဆီအကြမ်းအရည်ပျစ်တွေဖြစ်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေမဟုတ်ဘူးလို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်ညနေပိုင်းမှာ ထိုင်းနိုင်ငံသား  Mr. Patcharit Suleuran နဲ့ ဇနီးဖြစ်သူတို့ဟာ မြန်မာ့လေကြောင်းနဲ့  မြိတ်မြို့ကနေ စားအုံးဆီအကြမ်းအရည်ပျစ် နမူနာတွေကို M-150 ပုလင်းနဲ့ထည့်ပြီး ယူဆောင်လာခဲ့ကြတယ်။ ရန်ကုန်လေဆိပ်ရောက်တော့ အဲဒီပုလင်းတွေကို ထိုင်းနိုင်ငံကို ယူလို့ ရ မရ မေးမြန်းတဲ့အခါ လေဆိပ်က ယူမရဘူး ပြောလို့ လေဆိပ်က အဲအေးရှားလေကြောင်းလိုင်း ၀န်ထမ်း ၂ ဦးထံ ထားပစ်ခဲ့ကြပြီး သူတို့နှစ်ယောက်စလုံး ထိုင်းကို ပြန်သွားခဲ့ကြတယ်။ ပုလင်းတွေ စွန့်ပစ်ဖို့ ထိန်းသိမ်းထားတဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေက မေ့ပြီး ထားပစ်ခဲ့တာကို နောက်တနေ့မှာ လေဆိပ်လုံခြုံရေးက တွေ့ပြီး ဗုံးလို့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မကြာသေးခင်ရက်ပိုင်းအတွင်းက အစိုးရရုံးစိုက်ရာ ရုံးဝင်း အပါအ၀င် ဈေးဝယ်ကုန်တိုက်တချို့မှာ M-150 လက်လုပ်ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိထားပြီလို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ရဲလုပ်ငန်း မပြီးပြတ်သေးတဲ့အတွက် လက်လုပ်ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သတင်းအပြည့်အစုံ မထုတ်သေးတာလို့ သမ္မတရုံးပြောခွင့်ရသူကလည်း မီဒီယာကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up