မြိတ်မြို့တွင် ပိုင်ရှင်မဲ့ သစ်လုံးကြီး တန် ၃၀ ကျော် သိမ်းဆည်းမိ
DVB
·
December 1, 2016
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ ဘုတ်ချောင်းချောင်း MFD ကုမ္ပဏီအနီး သစ်လုံးကြီး တန်ချိန် ၃၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနက ပြောပါတယ်။
ဒေသခံတဦးမှ သတင်းပေး တိုင်ကြားချက်အရ မြိတ်မြို့နယ်သစ်တောဦးစီးဌာနနဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်စစ်ဆေးစဉ် သစ်လုံးအကြီး ၃၃ လုံး၊ တန်ချိန် ၃၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တောအုပ်ကြီး ဇော်နိုင်လင်းက အတည်ပြု ပြောပါတယ်။
“မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးရေး (MFD) ကုမ္ပဏီအနီး ဘုတ်ချောင်း ချောင်းထဲမှာ ဒီသစ်တွေကို တွေ့ပါတယ်၊ ပိုင်ရှင်ကတော့ မည်သူမှန်း မသိသေးပါဘူး၊ စုံစမ်းလို့ မရတာကြောင့် ကျနော်တို့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းသွားမယ်။”
မြိတ်မြို့မှာ နိုဝင်ဘာလအတွင်းကလည်း တရားမ၀င်သစ်တွေ ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ကိုဘိတ် (မြိတ်)