Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များ ထုတ်ပြန်
ရွှေအောင်
·
November 30, 2016
သက်ငယ်မုဒိမ်းမှုတွေ၊ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ အမြတ်ထုတ်မှုတွေနဲ့ ပတ်သက်လို့ ဆက်သွယ်အကြောင်းကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူထူထု အနေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်တာကို သိရှိပါက ဒါမှမဟုတ် ဖြစ်ပေါ်နေကြောင်း သံသယရှိပါက လူမှုဝန်ထမ်းဦးစီးဌာန နေပြည်တော် ဖုန်း ဝ၆၇- ၄ဝ၄၉၉၉ ၊ ဝ၆၇- ၄ဝ၄၂၂၂ တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ များမကြာမီ ကာလများကစလို့ မီဒီယာတွေမှာ သက်ငယ်မုဒိမ်းမှုဖြစ်ပွားတဲ့သတင်းတွေ မကြာခဏ ဖော်ပြပါရှိလာပြီး ပြည်သူလူထု စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ်လာရပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစရာ ဖြစ်လာပြီး နိုင်ငံအတွင်းရှိ ကလေးသူငယ်တွေရဲ့ လူမှုရေးဘဝတွေ လုံခြုံရေး ထိပါးလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ သက်ငယ်မုဒိမ်းမှုတွေဟာ တည်ဆဲဥပဒေအရ ထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်နိုင်တဲ့  ပြစ်မှုဖြစ်ပြီး ဒီလို ရာဇဝတ်မှုမြောက်တဲ့ ဖြစ်စဉ်တွေအတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း လူမှုဝန်ထမ်းဌာနသတင်းမှာ ရေးသားဖော်ပြထားပါတယ်။ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းဖို့  ရဲ၊တရားရုံးနဲ့ ဥပဒေအရာရှိတို့မှာ တာဝန်ရှိတယ်လို့ သုံးသပ်ပြောပါတယ်။ “တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲမှာ တာဝန်ရှိတယ်၊ ဥပဒေ အရာရှိတွေမှာလည်း တာဝန်ရှိတယ်၊ တရားရုံးတွေမှာလည်း တာဝန်ရှိတယ်။ အဲဒီ ၃ ခုစလုံးက ဖိုခနောက်ဆိုင်ပြီး ညီညီညာညာ လုပ်နိုင်မှ၊ ဥပဒေကလည်း ဖြစ်ကတတ်ဆန်း အကြံပေးတာတွေ ရှိတယ်၊ အဲဒီလို အကြံပေးတဲ့အခါကျတော့ တရားရုံးက ဆုံးဖြတ်ရတာ အခက်အခဲ ရှိတယ်၊ ဥပဒေအရာရှိတွေကိုလည်း ကြပ်မတ်ဖို့ လိုတယ်။” လူတွေရဲ့ အခြေခံအသိဉာဏ်အားနည်းမှု၊ စီးပွားရေးကျပ်တည်းမှုနဲ့ မူးယစ်ဆေးဝါး တို့ကြောင့် သက်ငယ်မုဒိမ်းမှုတွေ ပိုပြီး ဖြစ်ပွားလာတာ၊ မီဒီယာ အားကောင်း ပွင့်လင်းလာတာတွေကြောင့် သက်ငယ်မုဒိမ်းမှုတွေကို လူတွေ ပိုသိလာတာလို့လည်း ဦးစန်းအောင်က ပြောပါတယ်။ ကလေးသူငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ပြည်တွင်းမှာ ဆက်တိုက် ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လူ ရာနဲ့ချီ စုဝေး တောင်းဆိုခဲ့ကြပါသေးတယ်။ ရဲတပ်ဖွဲ့ကိန်းဂဏန်းတွေအရ ၂၀၁၆ ခုနှစ် ၁၀ လအတွင်း မုဒိမ်းမှု ၇၆၁ မှု ရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024