DVB Logo
Home
မေးမြန်းခန်း
အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​အသင့်​ပါပဲ (ဆန္ဒပြသံဃာ​တော်တပါး​နှင့်​ ​မေး​မြန်း​ချက်)
DVB
·
November 15, 2011
အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​အသင့်​ပါပဲ (ဆန္ဒပြသံဃာ​တော်တပါး​နှင့်​ ​မေး​မြန်း​ချက်)
Donate to DVB

မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​ထဲမှာ သံဃာ​တော် ၅ ပါး​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့်​ စတဲ့​အချက်သုံး​ချက်ကို ဒီ​နေ့​မနက် ၅ နာရီ​ကျော်ကစပြီး​ ​တောင်း​ဆိုဆန္ဒပြ​နေပါတယ်။

တောင်း​ဆိုချက်​တွေအား​လုံး​ မရမချင်း​ လနဲ့​ချီ ​ရေရှည်ဆန္ဒပြသွား​ဖို့​အထိ စီစဉ်ထား​တယ်လို့​ ဆန္ဒပြသံဃာ​တော်တပါး​က မိန့်​ကြား​ပါတယ်။

မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​ထဲမှာ ဆန္ဒပြ​နေတဲ့​ ကိုယ်​တော်တပါး​ကို မွန်း​လွဲ ၁ နာရီခွဲမှာ ​မေး​မြန်း​လျှောက်ထား​ချက်။

အခုအ​ခြေအ​နေ ဘယ်လို ရှိပါသလဲ ဘုရား​။

“အ​ခြေအ​နေက ဆရာ​တော်ကြီး​တွေရဲ့​ ​စေ့​စပ်​ပေး​မှုနဲ့​ အဲဒီစကား​ကို ​စောင့်​နေတာ။ ဆရာ​တော်ကြီး​တွေက တိုင်း​ဝန်ကြီး​ချုပ်ကို သွား​ရောက်ပြီး​တော့​ ဦး​ဇင်း​တို့​ လိုချင်တဲ့​အချက်​တွေကို တိုင်ပင်​ဆွေး​နွေး​မယ်။ ​နောက်ပြီး​တော့​ သူတို့​ ၃ နာရီအချိန်မှာ ဦး​ဇင်း​တို့​ဆီကို ပြန်လာမယ်။ အဲဒါကို ဦး​ဇင်း​တို့​စောင့်​နေတာပါ။”

အခု​လော​လောဆယ်​ ပရိသတ်က ဘယ်​လောက်​လောက်ရှိပါသလဲ။

“အခု​လော​လောဆယ်​တော့​ ရဟန်း​သံဃာ​တွေကလည်း​ ၁၅၀ ​ကျော်​တော့​ ရှိမယ်ထင်တယ်။ ​နောက်ပြီး​တော့​ လူ​တွေကလည်း​ ၂၀၀ ​လောက်​တော့​ ရှိမလား​မသိဘူး​။ ပျံ့​နေတာဖြစ်လို့​၊​ လိပ်ကန်​ဘေး​မှာဆိုရင် အ​ဆောက်အဦ​လေး​တွေ ရှိတယ်​လေ။ အဲဒီမှာ အစုလိုက် အစုလိုက်နဲ့​ အရိပ်ရတဲ့​နေရာ​တောင်မဟုတ်ဘူး​။ တခြမ်း​ရိပ်တဲ့​ ​နေရာ​လေး​တွေမှာ ​စောင့်​နေကြပါတယ်။ ​လော​လောဆယ်မှာ​တော့​ နား​ထား​ပါတယ်။”

တောင်း​ဆိုချက် သုံး​ချက်ကို ဦး​ဇင်း​တို့​ မရမချင်း​တောင်း​ဆိုသွား​မယ့်​ သ​ဘောလား​။ ဦး​ဇင်း​တို့​ ဘယ်​လောက်ထိ ရမယ်လို့​ ​မျှော်မှန်း​ထား​ပါသလဲ။

“ဦး​ဇင်း​တို့​ ရသမျှ ​တောင်း​ဆိုသွား​မှာပါ။ ရ​အောင်လည်း​ ကြိုး​စား​ပြီး​လုပ်​နေတာပါ။ ဆရာ​တော်ကလည်း​ လုပ်​ပေး​မယ်လို့​တော့​ ​ပြော​နေပါတယ်။ ဦး​ဇင်း​တို့​ရဲ့​ လိုအပ်ချက်​ပေါ့​။ အနည်း​ဆုံး​ သုံး​ချက်ရှိရာမှာ ဒီအချက်​တွေအကုန်ရမှ ဖြစ်မှာပါ။ ရ​အောင်လည်း​ လုပ်သွား​မှာပါ။”

ဦး​ဇင်း​တို့​ ဒီကိစ္စ​တွေကို ဘယ်အချိန်​လောက်ကစပြီး​ စီစဉ်ခဲ့​တာပါလဲ။

“စီစဉ်တာ​တော့​ ​တော်​တော်​တော့​ကြာပြီ။ ဒါ​ပေမယ့်​ ဦး​ဇင်း​တို့​ ဒီတပတ်​လောက်ဝန်း​ကျင်မှာ မီဒီယာက​နေ နိုင်ငံ​တော်သမ္မတကြီး​ ဒီအချက်​တွေကို လိုက်နာဖို့​ လိုက်​လျော​ပေး​ဖို့​ ဦး​ဇင်း​တို့​တောင်း​ဆိုခဲ့​တာပါ။ ဦး​ဇင်း​တို့​ ၁၄ ရက်​နေ့​က လွှတ်မယ်လို့​ ​စောင့်​နေခဲ့​တာပါ။ အမှန်တကယ်​တော့​ ၁၄ ရက်​နေ့​မှာ ဦး​ဇင်း​တို့​စပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ လှုပ်ရှား​မှုလုပ်မလို့​ပါ။ ဒါ​ပေမယ့်​ ဦး​ဇင်း​တို့​က မ​နေ့​က မရတဲ့​အတွက် ၁၅ ရက်​နေ့​မှာ ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု စတင်လှုပ်ရှား​တာပါ။”

ဒီလိုမျိုး​လုပ်တဲ့​အ​ပေါ်မှာ အန္တရာယ်များ​တဲ့​ ကိစ္စ၊​ ဒီဆန္ဒပြတဲ့​ကိစ္စကို ဦး​ဇင်း​တို့​ဘယ်​လောက်ထိများ​ တွက်ထား​ပါသလဲ။

“​ပြောရမယ်ဆိုရင်​တော့​ တိုင်း​ပြည်အတွက် ပြည်သူလူထုကြီး​ ငြိမ်း​ချမ်း​ဖို့​အတွက် ဦး​ဇင်း​တို့​လုပ်တာပဲ။ အဲဒီအချိန်မှာ တဖက်က တကယ်လို့​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ လုပ်မလာဘူး​ဆိုရင် အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​ အသင့်​ပါပဲ။”

အခု ဦး​ဇင်း​ဘုရား​တို့​ ​တောင်း​ဆိုတဲ့​သံဃာ​တွေက ဘယ်နှပါး​ရှိပါသလဲ။

“​လော​လောဆယ်​တော့​ ဦး​ဇင်း​တို့​ ​ခေါင်း​ဆောင်အ​နေနဲ့​က​တော့​ ၅ ပါး​ပေါ့​။ ဒါ​ပေမယ့်​ ပရိသတ်ထဲမှာ သံဃာ​တော်​တွေအား​လုံး​က တက်တက်ကြွကြွနဲ့​ ဦး​ဇင်း​တို့​ လိုအပ်တာ​တွေ အကုန်ပံ့​ပိုး​ပြီး​တော့​ ဝိုင်း​ဝန်း​ပံ့​ပိုး​နေတဲ့​ သံဃာ​တော်​တွေ အများ​ကြီး​ရှိပါတယ်။”

အခုချိန်ထိ ရဲတို့​၊​ စစ်သား​တို့​က လာပြီး​တော့​ ​စောင့်​ကြည့်​တာတို့​ ​တွေ့​ရပါသလား​ ဘုရား​။

“အခုချိန်ထိ​တော့​ ယူနီ​ဖောင်း​နဲ့​တော့​ မ​တွေ့​ရ​သေး​ဘူး​။ လူထုပရိသတ်ကြီး​ကပဲ ပြန်ပြီး​တော့​ ဦး​ဇင်း​တို့​ဆီကို သတင်း​ပို့​ထား​တာက ယူနီ​ဖောင်း​တွေ လဲ​နေတယ်။ ပြင်ပမှာ အဲဒီလိုရှိတယ်ဆိုပြီး​ သတင်း​ပို့​တာ​တော့​ ရထား​ပါတယ်။”

ဗိမာန်​တော်ကြီး​ကို စကြွလာတဲ့​အချိန်တုန်း​က ဦး​ဇင်း​တို့​ဆီမှာ ရိက္ခာအပြည့်​အစုံနဲ့​လို့​ ကြား​သိရပါတယ်။ ​ရေရှည်လုပ်မယ် ဆိုတဲ့​ သ​ဘောလား​ဘုရား​။

“ဦး​ဇင်း​တို့​ မရမချင်း​ ​ရေရှည်လုပ်မယ်ဆိုတဲ့​ သ​ဘောပါပဲ။ ဦး​ဇင်း​တို့​ လိုချင်တဲ့​အချက်ကို ဒီ​နေ့​လိုက်​လျော​ပေး​မယ်ဆိုရင် ဦး​ဇင်း​တို့​လုပ်ငန်း​ကို ဒီ​နေ့​ရုပ်သိမ်း​သွား​မှာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013