DVB Logo
Home
မြန်မာသတင်း
ဧည့်​လမ်း​ညွှန် အလှည့်​ကျစနစ် ​ခေတ်နှင့်​မဆီ​လျော်
DVB
·
November 15, 2011
ဧည့်​လမ်း​ညွှန် အလှည့်​ကျစနစ် ​ခေတ်နှင့်​မဆီ​လျော်
Donate to DVB

ဧည့်​လမ်း​ညွှန်​တွေ အလှည့်​ကျလိုက်​စေမယ့်​ စနစ်နဲ့​သွား​မယ်လို့​ ဟိုတယ်-ခရီး​ ဝန်ကြီး​ဌာနက ခရီး​သွား​လုပ်ငန်း​ရှင်​တွေကို အ​ကြောင်း​ကြား​စာ ​ပေး​ပို့​ခဲ့​ပါတယ်။

အခုလ ၈ ရက် ရက်စွဲနဲ့​ ဟိုတယ်ခရီး​ဌာနညွှန်ကြား​ရေး​မှူး​ချုပ်က ခရီး​သွား​လုပ်ငန်း​ရှင်များ​အသင်း​ကို ပြင်ဆင်ထား​ကြဖို့​ စာပို့​ အ​ကြောင်း​ကြား​ခဲ့​တာ ဖြစ်ပြီး မိတ္တူကို မြန်မာနိုင်ငံ ဧည့်​လမ်း​ညွှန်အသင်း​ကို ​ပေး​ပို့​ခဲ့​တယ်လို့​ ဧည့်​လမ်း​ညွှန်အသင်း​ ပြန်ကြား​ရေး​က ကိုညီညီက ​ပြောပါတယ်။

ဘယ်​နေ့​ဘယ်ရက်မှာ အဲ့​ဒီလို အလှည့်​ကျစနစ် စတင်ကျင့်​သုံး​မယ်ဆိုတာ အ​ကြောင်း​ကြား​စာထဲ ​ဖော်ပြမထား​ဘူး​လို့​လည်း ဆိုပါတယ်။

ဧည့်​လမ်း​ညွှန်​တွေ အလှည့်​ကျစနစ်နဲ့​ လိုက်ရမယ်ဆိုတာ ​ခေတ်နဲ့​ မဆီ​လျော်တဲ့​အ​ကြောင်း​ ကိုညီညီက ခုလို ရှင်း​ပြပါတယ်။

“တကယ်လက်​တွေ့​ကျ​တော့​ ကွန်မြူနစ်လိုလို၊​ ဆိုရှယ်လစ်လိုလိုဖြစ်​နေတယ်။ ဘာလို့​လည်း​ဆို​တော့​ ဧည့်​လမ်း​ညွှန်​တွေအကုန်လုံး​ကို နာမည်​တွေစုထား​၊​ ပြီး​တော့​မှ ဆိုက်ကား​ဂိတ်မှာ အလှည့်​ကျသလို ဆိုက်ကား​ နှစ်စီး​လောက်လွှတ်လိုက်ပါဆိုရင် အဲဒီဂိတ်မှူး​က​နေ နှစ်စီး​ထွက်ကြဆိုတဲ့​ ပုံစံမျိုး​ လုပ်တဲ့​အခါကျ​တော့​ လမ်း​ညွှန်​တွေက တ​ယောက်နဲ့​တ​ယောက် အ​တွေ့​အကြုံသက်တမ်း​က မတူဘူး​။ တချို့​က မ​နေ့​တ​နေ့​ကမှ လမ်း​ညွှန်လုပ်တဲ့​သူရှိမယ်။ တချို့​က အ​တွေ့​အကြုံ အနှစ် ၂၀ ​ကျော်တဲ့​ဆရာကြီး​တွေ၊​ ၃၀ ​ကျော်တဲ့​ ဆရာကြီး​တွေရှိမယ်။ သူတို့​ကို တန်း​တူထား​ပြီး​တော့​ နံပါတ်တစ်က ဘယ်သူ၊​ နှစ်ကဘယ်သူ အဲလို စီနီယာနဲ့​လွှတ်ရတဲ့​အခါကျ​တော့​ သိပ်အဆင်မ​ပြေဘူး​။

“​နောက်ပြီး​တော့​ ဧည့်​သည်ကစပိန်လူမျိုး​ရှိမယ်၊​ ရုရှား​လူမျိုး​ရှိမယ်။ အလှည့်​ကျတဲ့​သူက စပိန်လိုမတတ်၊​ ရုရှား​လိုမတတ် ဆိုတဲ့​ဟာမျိုး​ကျ​တော့​ လမ်း​ညွှန်သမား​တွေက တ​ယောက်နဲ့​တ​ယောက် ဘာသာစကား​ မတူဘူး​။ အ​တွေ့​အကြုံမတူဘူး​။ အဲဒါကို တတန်း​တစား​တည်း​ အလှည့်​ကျထွက်ပြီး​တော့​ လိုက်ရမယ်ဆိုပြီး​တော့​ တဖွဲ့​က​နေ လုပ်ပြီး​လွှတ်တာမျိုး​ကျ​တော့​ လက်​တွေ့​မှာ​တော့​ သိပ်ပြီး​တော့​ မဆီ​လျော်ဘူး​ဗျ။”

ဘယ်​ခေတ် ဘယ်ကာလကမှ အခုလို အလှည့်​ကျစနစ် မကျင့်​သုံး​ဖူး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

အရင်ကဧည့်​လမ်း​ညွှန်​တွေဟာ ခရီး​သွား​လုပ်ငန်း​တွေမှာ ကိုယ့်​အစီအစဉ်နဲ့​ ကိုယ်ချိတ်ဆက်ထား​ပြီး​ လုပ်ကိုင်​နေကြတာပါ။

အလုပ်လုပ်ကိုင်​နေကြမို့​ တဦး​နဲ့​တဦး​ ယုံကြည်မှုရှိပြီး​ လုပ်ရတာလည်း​ အဆင်​ပြေကြ​ကြောင်း​၊​ အခုအစီအစဉ်ဟာ အဆင်မ​ပြေနိုင်တဲ့​အ​ကြောင်း​ စာတင်ထား​တယ်လို့​လည်း​ ကိုညီညီက ​ပြောပါတယ်။

“တရား​ဝင်စာနဲ့​ ကျ​နော်တို့​ဘက်က အ​ကြောင်း​ကြား​ထား​ပါတယ်။ ခရီး​သွား​ဧည့်​သည် အဝင်နည်း​တဲ့​အခါကျ​တော့​ အဲဒီလိုအ​ကောင်အထည်​ဖော်ဖို့​က ​တော်​တော်ကိုအဆင်မ​ပြေဘူး​။ ​နောက် ဒီမိုက​ရေစီ​ခေတ်ဖြစ်တဲ့​အတွက် ကြိုက်​ရောင်း​ကြိုက်ဝယ်​ပေါ့​။ အဲဒီတ​ယောက်ကို ကြိုက်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ငှား​ရမ်း​ခွင့်​ရဖို့​ပေါ့​။ အဲလိုမျိုး​ ကျ​နော်တို့​ စာတင်ထား​တယ်။”

မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်​လမ်း​ညွှန်​ပေါင်း​ ၃၀၀၀ ​ကျော်ရှိတဲ့​အထဲက ၆၀၀ ​ကျော်​လောက်ပဲ ဧည့်​လမ်း​ညွှန်အလုပ်ကို အမှန်တကယ် လုပ်ကိုင်​နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013