ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မပေါက်ကွဲသေးသည် M-150 ပုလင်းများ တွေ့ရှိ
DVB
·
November 29, 2016
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်မှာ ဒီနေ့ မနက် ၉ နာရီခွဲက ကြွပ်ကြွပ်အိတ် အစိမ်းရောင် ၁ လုံး မသင်္ကာဖွယ်တွေ့ရှိတဲ့အတွက် နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးစီးဦးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါနေရာကို အသေးစိတ်ရှင်းလင်းခဲ့ရာ ကြွပ်ကြွပ်အိတ်ထဲကနေ M-150 အချိုရည် ၄ ပုလင်း တွေ့ရှိရပြီး ပုလင်းတွေအတွင်း အ၀ါရောင်အရည်ပျစ်ပျစ်တွေ ထည့်ထားကြောင်း တွေ့ရှိရပါတယ်။
တွေ့ရှိရမိတဲ့ အချိုရည်ပုလင်းများအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များက စနစ်တကျ သက်မဲ့ ရှင်းလင်းဆောင်ရွက်နေပြီး M-150 အချိုရည် ၄ ပုလင်းတွေ့တဲ့ နေရာနဲ့ လေဆိပ်အတွင်းနေရာတွေကို အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။