ကသာမြို့နယ်တွင် ရွာသား ၂ ဦး တောထဲသွားရင်း မိုင်းနင်းမိ
DVB
·
November 29, 2016

စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာနဲ့ ၈ မိုင်ခန့်အကွာ ကချင်ပြည်နယ် နယ်စပ် နန့်လန်ချောင်းဖျားမှာ နိုဝင်ဘာလ ၂၈ မွန်းလွဲပိုင်းက တောထဲသွားတဲ့ ရွာသား ၂ ဦး မိုင်းနင်းမိခဲ့လို့ ဒဏ်ရာရသွားပါတယ်။
မှတ်တိုင်ကျေးရွာနေ ရွာသား၂ဦး ဟာ အိမ်မိုးဖို့ တောထဲမှာ ကြိမ်ပင်တွေ သွားရောက်ခုတ်ယူရာ မိုင်းနင်းမိခဲ့တာဖြစ်ပြီး မောင်မျိုးဆိုသူက ခြေနှစ်ဖက် ပြတ်သွားခဲ့ကာ ဇင်မောင်စိုးကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ခြေနှစ်ဖက် ပြတ်သွားတဲ့ မောင်မျိုးကို ကျောပိုးသယ်လာခဲ့ပေမယ့် ဒဏ်ရာကြောင့် ဆက်မသယ်နိုင်တော့ဘဲထားခဲ့ပြီး တယောက်ထဲပြန်လာရာ ဆိုင်ကယ်သမားတဦးနဲ့တွေ့ပြီး အကူညီတောင်းခံခဲ့လို့ ကသာဆေးရုံကို ရောက်ရှိလာခဲ့တာလို့ ဇင်မောင်စိုးက ပြောပါတယ်။
"ကျနော်တို့မနက် ၇ နာရီလောက်မှာ တောထဲကို သွားခဲ့တာပါ။ တောထဲမှာ မိုင်းနင်းမိတဲ့ အချိန်က နေလယ် ၂ နာရီလောက် အချိန်မှာပါ။ မောင်မျိုးက ခြေနှစ်ဖက်စလုံး ပြတ်တဲ့အတွက် ထမ်းပိုးပြီး ပြန်လာတာ လမ်းခုလတ်မှာ မျက်လုံးတွေ ဝေဝါးလာပြီး ရှေ့ဆက် မထမ်းနိုင်တော့တဲ့ အတွက် သစ်ပင်မှာ မှီပြီး တောထဲမှာ ထားခဲ့ရပါတယ်။ သေမလား ရှင်မလားဆိုတာ မသိရသေးပါဘူး။"
ဒါ့အပြင် မိုင်းဒဏ်ရာကြောင့် မျက်စိမမြင်ရတော့တဲ့အတွက် မောင်မျိုးကို ဘယ်နေရာထားခဲ့လဲ ဆိုတာ သေချာ မသိတော့ဘူးလို့လည်း ပြောပါတယ်။
တောထဲကျန်နေခဲ့တဲ့ မောင်မျိုးကို ရွာသားတွေက မနေ့ညက သွားရောက်ရှာဖွေဖို့ ကြိုးစားခဲ့ ပေမယ့် မိုင်းအန္တရာယ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် မသွားခဲ့ပဲ ဒီကနေ့မှပဲသွားကြမှာဖြစ်တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“ခြေပြတ်သွားတဲ့တယောက်ကို မသယ်နိုင်တော့လို့ သစ်ပင်မှာ မှီပြီးတော့ ထားခဲ့တာ။ ရွာသားတွေကလည်း အဲဒီလူကို ညတွင်းချင်းသွားရှာမယ်ဆိုပြန်တော့လည်း မိုင်းတွေဘာတွေ နင်းမိမှာ စိုးရိမ်ရတဲ့အတွက်မသွားသေးဘူး။ ဒီနေ့မှာတော့ ကာသာက စစ်တပ်နေ တောနင်းပြီးမှ ရှာကြမယ်ထင်တယ်။ ညတွင်းချင်းလည်း သွားမရှာနိုင်တော့ သွေးလွန်ပြီး သေမယ်လို့ထင်တယ်။ ဆောင်းတွင်းလည်းဖြစ်တောလေ။”
သတင်း - သီဟဆွေ (ကသာ)