တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေရပ်ဖို့ ရည်ရွယ်တဲ့ “ငြိမ်းချမ်းရေးပုံရိပ်” Vision of Peace လို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ကို ၁၁၊ ၁၁၊ ၂၀၁၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
- ဒေါ်ဘောက်ဂျာ
ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေနဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အလားအလားတွေ အပေါ် အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဆက်သွယ် မေးမြန်းထားပါတယ်။
အဓိက ဘာကြောင့် ဒီအဖွဲ့ကိုဖွဲ့စည်းရတာလဲ။
“ဘာကြောင့် ဖွဲ့စည်းထားရလည်းဆိုရင်တော့ အခုတိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို တိုင်းရင်းသားတွေဝိုင်းပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ဖွဲ့စည်းတာပါ။ တိုင်းရင်းသားတွေချည်းပဲ ပါတဲ့အဖွဲ့အစည်းပါ။”
ဒီအဖွဲ့ထဲမှာ ဘယ်သူတွေ၊ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါတယ်ဆိုတာ ပြောပြပေးပါလား။
“တိုင်းရင်းသားကတော့ အစုံပါ။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင် အကုန်ပါတယ်။ ပါတီထဲကလူတွေလည်း ပါတယ်။ အပြင်က တသီးပုဂ္ဂလ ၀င်ပြိုင်တဲ့သူတွေလည်း ပါတယ်။ ဆက်ပြီးတော့ ပါဝင်ချင်တဲ့သူကိုလည်း ဆက်လက်ခံမယ်။ ကျမတို့က အခုမှ စဖွဲ့လိုက်တယ်ဆိုတော့ အများကြီးပေါ့။ အခုမှစတာဆိုတော့ လူတော့နည်းပါသေးတယ်။”
ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ရပ်ဖို့ တခုတည်းလား။ ဒီအဖွဲ့က တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့လား။ ဘယ်ဟာကို ဦးတည်ပြီးတော့ လုပ်ပါသလဲ။
“ဗမာပြည်တပြည်လုံး တိုင်းရင်းသားဒေသတွေ အေးချမ်းမှ ဗမာပြည် အေးချမ်းမှာ။ တိုင်းရင်းသားဒေသတွေမှာ ဆူပူနေမှတော့ ဘယ်လိုမှ ကျမတို့ တိုင်းပြည်က အေးချမ်းလာမှာ မဟုတ်ဘူး။ တိုးတက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အဓိကအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နေထိုင်တဲ့သူတွေက အောက်ခြေ လူတန်းစားလို ဖြစ်နေတယ်။ အဖိနှိပ်ခံနေရတယ်။ သူတို့ရဲ့ ဘ၀မတိုးတက်၊ မဖွံ့ဖြိုးလာမချင်းကတော့ ဘယ်လိုမှကို မြန်မာပြည်က မပြောင်းလဲလာနိုင်သေးဘူး။ အဲဒါကြောင့် တိုင်းရင်းသားအားလုံး ငြိမ်းချမ်းဖို့၊ တိုင်းရင်းသားအားလုံးရဲ့ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှ ဒီဗမာပြည် ပြောင်းလဲလာနိုင်မှာ ဖြစ်တဲ့အတွက် ကျမတို့က ဗမာပြည် တပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားဒေသတွေအတွက် ကိုယ်စားပြုပြီး လုပ်နေတာပါ။”
ရှေ့ဆက်ပြီးတော့ ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးအတွက် ဘယ်လိုမျိုး လက်တွေ့ အကောင်အထည် ဖော်တာတို့၊ လုပ်တာတို့ မျှော်မှန်းထားလဲခင်ဗျ။
“ကျမတို့ အစိုးရနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ကိစ္စကို အတတ်နိုင်ဆုံး ကြားကနေ ဖြေရှင်းသွားမယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်အလက်တွေကိုလည်း ပြည့်စုံအောင်မေးပြီးတော့ တောင်းဆိုသွားမယ်။ ကျမတို့အနေနဲ့ တောင်းဆိုတဲ့အပေါ်မှာ တိုင်းရင်းသားတွေ ဘာတွေ လိုလားနေလဲဆိုရင် အဓိကတော့ ဖက်ဒရယ်ကို လိုလားနေတယ်။ အဲတော့ ဒီဖက်ဒရယ် အတိုင်းကို ကျမတို့ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ဆိုတာ ကျမတို့ တိုင်းရင်းသားအားလုံးက ဒီမူကို လက်ခံတဲ့အတွက် အစိုးရအနေနဲ့လည်း ဒီမူကို အတတ်နိုင်ဆုံး သူတို့အနေနဲ့ လိုက်လျောနိုင်တဲ့ အဆင့်ထိ ကျမတို့ ဆောင်ရွက်သွားမယ်။ အခုကတည်းက ကျမတို့က အစီအစဉ် ဆွဲနေတယ်။ သမ္မတဆီကို စာရေးဖို့လည်း လုပ်ဆောင်နေတယ်။”
မနေ့ကလည်း ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ စနေ၊ တနင်္ဂနွေ ဆက်တိုက်ဆိုသလို ဗုံးတွေပေါက်ကွဲမှုဖြစ်တယ်။ မိဘမဲ့ကလေးတွေ သေဆုံးသွားတယ်။ အဲလိုမျိုးသတင်းတွေ ကြားနေရတယ်။ ဒီအပေါ်မှာကော အသစ်ဖွဲ့လိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ ဘယ်လိုများ မြင်ပါသလဲခင်ဗျ။
“ဒါကတော့ ဂျနီဗာမှာ သူတို့ချုပ်ဆိုတဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ စာချုပ်ကို ဖောက်ဖျက်တဲ့အပိုင်းတွေ အများကြီးပဲတွေ့ရတာပေါ့။ ကျမတို့ပိုဒ်ထဲမှာလည်း အဲဒါတွေလည်းပါတာပေါ့။ လူတွေရဲ့အခက်အခဲကို ဒီလူ့အခွင့်အရေးကို ချိုးဖောက်မှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ရန်အတွက်လည်း ဒါတွေကိုမလုပ်ဖို့၊ ဆိုတာကိုလည်း ကျမတို့ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်နေတာပါ။ အခုလို ဖြစ်တာလည်း တကယ်လည်း စိတ်မကောင်းဘူး။ ဒါဟာ အပြစ်မဲ့ပြည်သူတွေကို သက်သက်မဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲ့ပုံစံတွေလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် ဒါတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ ကျမတို့လုပ်ငန်းကို အကြီးမားဆုံးဖြစ်အောင် ကျမတို့ ဆက်လုပ်သွားဖို့ပဲ ဒါတွေလည်း စဉ်းစားထားပါတယ်။ ဒီလို မိန်းကလေးအမျိုးသမီးတွေ စော်ကားခံရတာတွေ၊ ရောင်းစားခံရတာတွေ ဒါတွေအကုန်လုံးပါမှာပါ။ ပြီးတော့ တိုင်းရင်းသားအရေး အးလုံးကို ကျမတို့က ဆောင်ရွက်သွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။”
တိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာကော ဆွေးနွေးတာတွေ ဒါမှမဟုတ် တင်ပြတာတွေ ရှိသလား။
“အခုချက်ချင်း ဆွေးနွေးတာတွေတော့ ကျမတို့ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ဆွေးနွေးတာတွေလည်း ဆွေးနွေးတာပေါ့။ ကျမတို့လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။”
အခုလက်ရှိ ကချင်ပြည်နယ်မှာ အဓိက ပြဿနာပေါ့။ ငြိမ်းချမ်းရေးမရတဲ့ ပြဿနာ၊ တဖက်နဲ့တဖက် တိုက်ခိုက်နေတဲ့ ပြဿနာက ဘယ်လိုမျိုးဖြေရှင်းမှ ပြေလည်မယ်လို့ ထင်သလဲ။
“ကျမအနေနဲ့ကတော့ လက်ရှိအစိုးရက နည်းနည်းလျှော့လိုက်ပေါ့။ သိပ်မတင်းနဲ့ပေါ့။ ပြီးတော့ဟိုဘက်က သူတို့အနေနဲ့ကလည်း တောင်းဆိုတာလေးကိုလည်း တောင်းဆိုတယ်ဆိုတာ သူတို့က သိပ်ကြီးကြီးကျယ်ကျယ် တောင်းဆိုတာ မရှိပါဘူး။ ခုနကပြောသလို ၄၇ ဖယ်ဒရယ်မူကို သူတို့လက်ခံတယ်။ အဲဒီအတိုင်းကို သူတို့ အသက်ရှင်သလားပေါ့။ အဲဒီမူက အဲဒီိစာချုပ်က အသက်ရှင်သေးလား။ အသက် မရှင်တော့ဘူးဆိုရင် ကျနော်တို့က ဒီအတိုင်းပဲ ဆက်နေမယ်။ လွန်ခဲ့တဲ့ ၄၇ မတိုင်ခင်မှာ နေသွားတဲ့အတိုင်း ဆက်နေသွားမယ်ဆိုပြီး ပြောလာတဲ့အပေါ်မှာ လက်ရှိအစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ထပ်ပြီးတော့ ထိုးစစ်မဆင်ဘဲနဲ့ နောက်ဆုတ်လိုက်၊ နောက်ဆုတ်လိုက်ရင် ဒါက တယောက်နဲ့တယောက် ညှိနှိုင်းလို့လည်း တဆင့်သက်သာသွားမှာပေါ့။ အခုက ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့လည်း ပြောနေတယ်။ ထိုးစစ်ဆင်တာက နေ့ရောညရော အဲလိုထိုးလာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဒါကတော့ ဘယ်သူမဆို နည်းနည်း စဉ်းစားစရာလေးတွေ ဖြစ်လာတာပေါ့။ ဒီတော့လည်း ကိုယ့်နေရာကို ၀င်ရောက်လာတဲ့ အခါကျတော့ ဒါကတော့ ကာကွယ်ရမယ့် တာဝန်ကတော့ သူတို့အပိုင်းမှာ ရှိတာကို။ ဒါတွေကို လျှော့လိုက်ရင်တော့ လိုချင်တဲ့ကိစ္စတွေက ပေါ်လာမှာပေါ့။”
တဘက်မှာ ကချင်ကို ထိုးစစ်ဆင်နေတဲ့အချိန်မှာ တဘက်မှာ မွန်တို့ ကရင်တို့ကို ငြိမ်းချမ်းရေးကမ်းလှမ်းတာတွေ၊ အောက်ခြေအဆင့်မှာ လွှတ်ပြီးတော့ ဆွေးနွေးနေတာတွေ ကျနော်တို့ ကြားသိရတယ်။ အဲ့တော့ ကချင်ကိုပဲ သီးသန့် ထိုးစစ်ဆင်ပြီးတော့ တဘက်မှာ ဒီလိုမျိုး ငြိမ်းချမ်းရေးစကားပြောနေတာကို ဘယ်လိုမျိုး မြင်လဲဗျ။
“အဲဒါကိုက အစိုးရက လူကြီးမဆန်တဲ့ အလုပ် လုပ်နေတာလေ။ တကယ်တမ်းကျတော့ တိုင်းရင်းသားတွေရဲ့ အပေါ်မှာ စေတနာ မှန်တယ်ဆိုရင် အားလုံးကို တပြေးညီ အပစ်အခတ်ရပ်စဲမယ်ဆို ရပ်စဲလိုက်ပေါ့။ တဆင့်လျော့ချလိုက်ပေါ့။ သူတို့ရဲ့ လုပ်ပုံက တဘက်ကိုတော့ ငြိမ်းချမ်းရေး လုပ်တယ်။ တဘက်ကိုတော့ ထိုးစစ်ဆင်နေတယ် ဆိုတော့ ခြိမ်းခြောက်နေတဲ့ သဘောလား။ ဒါမှ မဟုတ်ရင် သူတို့လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ သဘောလားတော့ မပြောတတ်ဘူး။”