Homeသတင်းဓာတ်ပုံ
ပထမအကြိမ်ပျူလူမျိုးများ ရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲ မင်းတပ်မြို့နယ်တွင် ကျင်းပ (ဓာတ်ပုံ)
ပထမအကြိမ်ပျူလူမျိုးများ ရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲ မင်းတပ်မြို့နယ်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
November 26, 2016
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချောက်ရိုးရွာ ခေါ် အေးသာယာကျေးရွာမှာ မင်းတပ်မြို့နယ် ပျူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပထမအကြိမ် ပျူရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၅ နေ့က ကျင်းပခဲ့ပါတယ်။
ပွဲတော်ကို အလှူရှင် ဦးမနားလိန်းမှ ဆုတောင်းဖွင့်လှစ်ပေးပြီး မြို့နယ်ပျူစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးရှိန်းယွမ်းဟုန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ပျူလူမျိုးတွေရဲ့ဆင်းသက်လာပုံသမိုင်းအကျဉ်းကို ဦးရှိန်းယွမ်းဟုန်းက ရှင်းပြခဲ့ပြီး “မိမိတို့ မင်းတပ် ချင်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများဟာ ရှေးခေတ်ပျူလူမျိုးတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ တူညီနေတဲ့အတွက် မိမိတို့မင်းတပ်ချင်းမျိုးများ အားလုံးဟာ ပျူလူမျိုးများဖြစ်ကြတယ်ဆိုတာ သမိုင်းအထောက်အထားများအရသိနိုင်ပါတယ်''လို့ ပြောပါတယ်။
ပထမအကြိမ် ပျူရိုးရာယဉ်ကျေးမှုဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် အလှူရှင်ဦးလိန်းမနားမှ ဆန်တစ်အိတ်နဲ့ငွေ ၁ သိန်းလှူခဲ့တာဖြစ်ပြီး ကျန်ကုန်ကျစရိတ်တွေကိုတော့ မြို့နယ် ပျူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က တာဝန်ယူထားတာဖြစ်ပါတယ်။
အခုပွဲကျင်းပခဲ့တဲ့ ချောက်ရိုးရွာ ခေါ် အေးသာယာကျေးရွာမှာ မင်းတပ်-မတူပီကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၂၃ မိုင်မှာ တည်ရှိတာပါ။
အေးသာယာကျေးရွာမှာ အိမ်ခြေ ၄၂ စုရှိပြီး လူဦးရေစုစုပေါင်း ၁၄၉ ဦးရှိကာ ရွာသူ ရွာသား အားလုံးက ပျူလူမျိုးများအဖြစ် ခံယူထားကြသူတွေဖြစ်ပါတယ်။
သတင်း - ဂေစိမ်းအောင်(တောင်တန်းမြေ)