လှည်းတန်းခုံးတံတားအောက် ပန်းရောင်းသည့်မိန်းကလေးငယ်ကို သတ်ခဲ့သည့်တရားခံ ဖမ်းမိ
DVB
·
November 26, 2016

လှည်းတန်း ခုံတံတားအောက်မှာပန်းရောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့ ညက ဟံသာဝတီဘူတာနဲ့ လှည်းတန်း ဘူတာကြား ရထားသံလမ်းပေါ်မှာ သတ်ဖြတ်ခဲ့တဲ့ တရားခံကို ၂၄ နာရီတွင်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
ကမာရွတ်မြို့နယ် (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနဲ့ လှည်တန်းဘူတာကြား မိုင်တိုင်အမှတ်(၄/၁၂) ရထားသံလမ်းပေါ်မှာ မိန်းကလေးငယ်တဦး နိုဝင်ဘာ ၂၃ ရက်နေ့ ၇ နာရီ ၂၅ မိနစ်အချိန်က ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သတင်းအရ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးခဲ့ပါတယ်။
အသက် ၁၀ နှစ်ခန့်ရှိ မိန်းကလေးငယ်တဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှာ လွယ်အိတ် ၂ လုံးနဲ့ ခဲတံချွန်ခေါက်ဓား တချောင်းတို့ကို တွေ့ရှိရတဲ့အတွက် ကမာရွတ်မြို့မ ရဲစခန်း(ပ)၆၄၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွယ်နေတယ်လို့ သိရပါတယ်။
ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက သေဆုံးမှုကို စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအောက် ထိပ်နေ မ၀င်းဝင်းအေး (၁၀ နှစ်)ဖြစ်ပြီး အမေဖြစ်သူ မဌေးနဲ့အတူ လှည်းတန်းဂုံးတံတားအောက်မှာ ပန်းရောင်းတဲ့အလုပ်လုပ်ကိုင်တာလို့ မိခင်ဖြစ်သူ ပြောပါတယ်။
စစ်မေးချက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့က မိခင်ဖြစ်သူ မဌေးနဲ့ သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်မှာ ပန်းရောင်းနေစဉ် ညီမဖြစ်သူမိဆယ်ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီးရောက်ရှိလာပြီး ပိုက်ဆံတောင်းရမ်းနေသည်မှာ အဆင်မပြေတဲ့ အတွက် သမီးဖြစ်သူကို ထည့်ပေးဖို့ပြောရာ သမီးဖြစ်သူ မ၀င်းဝင်းအေးကို ထည့်ပေးလိုက်တယ်လို့ သေဆုံးသူမိခင်မဌေးက ပြောပါတယ်။ ပြီးနောက် ည ၇ နာရီ ၄၅ မိနစ် အချိန်မှာ ပြာဂလောင်(ခ) ကျော်ကြီး တဦးတည်းပြန်လည်ရောက်ရှိလာတဲ့အတွက် သမီးဖြစ်သူကို မေးမြန်းရာ အရင်ပြန်လွှတ်လိုက်တယ်လို့ ညီမဖြစ်သူခင်ပွန်းက ပြောပါတယ်။
သမီးဖြစ်သူမှာ ပြန်လည်မရောက်လာဘဲ ပြာဂလောင်(ခ)ကျော်ကြီးမှ လိုက်ရှာဦးမယ်လို့ ပြောဆိုပြီး အင်းယားကန် ဘောင်ဘက်သို့ထွက်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်တွေက မိန်းကလေးငယ်တဦးသေဆုံးနေကြောင်း ဓာတ်ပုံအားပြရာ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အနီးမှာလည်း ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားတဲ့ အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်ကို တွေ့ရှိခဲ့ရပါတယ်။
အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲက ၀ါးတန်းဆိပ်ကမ်းမှ ဒလမြို့နယ် မှော်စက်ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်
(၂၉ နှစ်)ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် ဆက်လက် စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။