DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း မြို့ကြီးအချို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်များ မကျင်းပတော့
DVB
·
November 26, 2016
ရှမ်းပြည်မြောက်ပိုင်း မြို့ကြီးအချို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်များ မကျင်းပတော့
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ လတ်တလော ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့်  ကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိတဲ့ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲတော်ကို မကျင်းပဖြစ်တော့ဘူးလို့ ပွဲကော်မတီက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ၇က်ကစပြီး မူဆယ်ခရိုင်၊ မိုင်းယု၊ မုံးကိုး၊ ပန်ဆိုင်း(ကြူကုတ်)ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေတိုက်ပွဲဖြစ်ပြီး ပြည်သူတွေ သေကြေ ထွက်ပြေးနေရတဲ့အပြင် ပွဲတော်လုံခြုံရေးကြောင့် မကျင်းပဖို့ ဆုံးဖြတ်လိုက်တာလို့ မူဆယ်ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အထွေအထွေအတွင်းရေးမှူး စိုင်းမြတ်အောင် က ပြောပါတယ်။

“သူတို့ပစ်ခတ်နေတဲ့ နေရာတွေဟာ ကျနော်တို့မြို့နဲ့ တအားနီးပါတယ်။ ပွဲတော်ထဲမှာ ထိခိုက်မှုတွေ ရှိရင်ဘယ်လိုလုပ်မလဲ၊ လုံခြုံရေးက စိတ်မချရဘူး။ နောက်ပြီးတော့ လက်နက် ကျည်မှန်လို့ သေဆုံးဒဏ်ရာရသူတွေလည်းရှိတော့ စိတ်မကောင်း ဖြစ်တယ်။  ပွဲတော်မ လုပ်သင့်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်တယ်။  မနေ့က ရှမ်းစာပေယဉ်ကျေး မှုအသင်းမှာ အစည်း အဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။”

မူဆယ်မှာ  ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ ကောက်သစ်စားပွဲတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က တည်းက နှစ်တိုင်းခမ်းနားစွာ ကျင်းပခဲ့ပြီး ဒီနှစ်မှာတိုက်ပွဲတွေကြောင့် မလုပ်ဖြစ်တော့တာပါ။

အလားတူ မူဆယ်ခရိုင် နမ့်ခမ်းမြို့မှာလည်း နှစ်သစ်ကူးပွဲတော် မလုပ်ဖြစ်တော့ဘူးလို့ ရပ်မိရပ်ဖ စိုင်းထွန်းလှိုင်က  ပြောပါတယ်။

“ကျနော်တို့နမ့်ခမ်းမှာလည်း ပျော်ပွဲရွှင်ပွဲတွေ မလုပ်တော့ဘူး။ ရပ်ကွက်အလိုက်ဘဲ လက်ဆုံစားပွဲ လုပ်မယ်။ သံဃာတော်တွေ ဆွမ်းဆက်ကပ်ပြီး နှစ်ကူးအလှူအတန်းလုပ်မယ်။ ဒီမတိုင်ခင်က ကံစမ်းမဲတွေ ကြိုရောင်းထားတော့  နှစ်သစ်ကူးနေ့မှာ ကံစမ်းမဲဖောက်မယ်။ ဒါလောက်ဘဲ။”

ကြူကုတ်ပန်ဆိုင်းမြို့မှာလည်း တမြို့လုံးကလူတွေ တရုတ်ပြည်ဘက် တိမ်းရှောင်နေရလို့ ပွဲလုပ်ဖို့မစဉ်းစားနိုင်ကြောင်း၊ အခြေအနေငြိမ်သက်ပြီး နှစ်ကူးမတိုင်ခင် အိမ်ပြန်ရရင်တော့ အလှူအတန်းလောက်တော့ လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပန်ဆိုင်း ရှမ်း စာပေယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ  စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာလည်း  နယ်မြေချင်းကပ်လျှက် ထိုင်းဘက်ခြမ်းမှာ နတ်ရွာစံ ဘုရင်ကြီးအတွက် ၀မ်းနည်းပူဆွေးနေတာကြောင့်ရော ရှမ်းပြည်မှာ တိုက်ပွဲတွေဖြစ်၊ စစ်ရှောင် ပြည်သူတွေရှိနေတာကြောင့် ရှမ်းနှစ်ကူးပွဲတော် မကျင်းပဖြစ်ဘူးလို့ ဒေသခံ စိုင်းရွက်က ပြောပါတယ်။

ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်နဲ့ ကောက်သစ်စားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း တ ရက်နေ့မှာ ကျင်းပကြပြီး  ဒီနှစ်ကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က မောရှမ်းပြည်ထောင် ( ယခုရွှေလီမြစ်ဝှမ်းဒေသ)သို့  ပိဋကတ် ၃ ပုံစတင်ရောက်ရှိလာချိန် ကြီးကျယ်ခမ်းနားစွာကြိုဆိုခဲ့တဲ့နှစ်ကစလို့ ရှမ်းသက္ကရာဇ်ကို ပြန်လည်ရေတွက်လာရာမှာ  ဒီနှစ်ကတော့ ၂၁၁၁  ခုနှစ် (ကြက်နှစ်) ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013