DVB Logo
Home
မြန်မာသတင်း
ရှမ်း၊ ကချင်၊ ရခိုင်အရေးကိစ္စများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
November 25, 2016
ရှမ်း၊ ကချင်၊ ရခိုင်အရေးကိစ္စများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်တို့မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အရေးကိစ္စများဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက်စိန်ခေါ်မှုများဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။

ဒီနေ့မနက်ပိုင်း နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီဂရမ် မစ်ဆရီ တို့ တွေ့ဆုံတုန်း သူက ပြောခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

“လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေကြောင်း။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းဖို့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုး ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ အမြန်ဆုံး ပါဝင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးသေးတဲ့ တပ်ဖွဲ့တို့ရဲ့ ယူအန်အက်ဖ်စီခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီကလည်း တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းဇော်က ဗိုလ်ချုပ်မှူးကြီးပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့ စကားအပေါ် အခုလို မေးခွန်းထုတ်ပါတယ်။
“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့အခါ ကျနော်တို့ ပြောနေတာက တန်းတူရည်တူနဲ့ ဂုဏ်သိက္ခာ ရှိရှိ ဆွေးနွေးဖို့ ပြောနေတာ ဖြစ်ပါတယ်။ ဒီနေ့ထက်ထိ တန်းရည်တူနဲ့ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းတွေကို သူတို့ မဖန်တီးနိုင်သေးဘူး၊တန်းတူရည်တူ ရှိဖို့ဆိုရင် ဆွေးနွေးပွဲ စကားဝိုင်းကို ၃ ပွင့်ဆိုင်လုပ်ပါ။ အစိုးရအုပ်ချုပ်ရေးအဖွဲ့ရယ် လွှတ်တော်ရယ် တပ်မတော်ရယ်က အစုအဖွဲ့ ၁ခု အနေနဲ့နေ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက ၁ ပွင့်ပေါ့၊ နိုင်ငံရေးပါတီတွေကလည်း အစုအဖွဲ့ ၁ခု အနေနဲ့နေမယ်၊ ဒီလိုမျိုးဆွေးနွေးရအောင်လို့ ကျနော်တို့က တောင်းဆိုထားတယ်။ ဒါကို တပ်မတော်က လက်မခံဘူးဗျ။ အဲ့ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့စကားကတော့ ယေဘူယျ ဆန်တယ်။ ဒါပေမယ့် အဲ့ဒီအပေါ် အသေးစိတ် ကြည့်ဖို့ လိုတယ်။ အဲ့လို မဟုတ်ဘဲနဲ့ ဆိုလို့ရှိရင်တော့ ဒါ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပုံသဏ္ဍာန် ပုံစံမျိုးတော့ မရောက်ဘူးလို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013