DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆန္ဒပြ
DVB
·
November 25, 2016
သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆန္ဒပြ
1 / 6
Donate to DVB

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ မြန်မာနိုင်ငံ ထားဝယ်မြို့နဲ့ တခြားမြို့ကြီးတချို့မှာ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

သက်ငယ်မုဒိမ်းပပျောက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့ ကလေးငယ်တွေအပေါ် အတင်းအဓမ္မဖြစ်စေ၊ လိမ်ညာ၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ မုဒိမ်းပြုကျင့် စော်ကားတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။

ဒီကနေ့ လှည့်လည်ဆန္ဒပြတာနဲ့ပတ်သက်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂက မယ်စုစုဆွေက “ဒီမြို့မ လမ်းသစ်ကနေပြီးတော့ မြို့တော်ခန်းမအထိ ကျမတို့ လမ်းလျှောက်ချီတက်တာတွေ လုပ်ပါတယ်။ ကျမတို့ တောင်းဆိုတာကတော့ မုဒိမ်းမှုများ ချက်ချင်းရပ်၊ အကြမ်းဖက်မှုများ ပပျောက်ရေး ဒို့အရေး အဲလို ဆောင်ပုဒ်တွေနဲ့ ကျမတို့ သွားတာရှိပါတယ်”လို့ ပြောပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားဝယ်အပြင်၊ တောင်ကြီး၊ လွိုင်ကော်နဲ့ တခြားမြို့ကြီးတွေမှာလည်း အထိမ်းအမှတ် အခမ်းနားတွေ ပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကလည်း နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းတွေ၊ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ အပြစ်ပေးမှုမရှိတဲ့ စနစ်ကို အဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ မယ်စုစုဆွေက “အခု ၂၀၁၅-၂၀၁၆ မှာ ဒီစစ်ပဋိပက္ခဖြစ်နေတဲ့ ဒေသပေါ့နော်။ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အမှု ၉၀ ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ၅ မှုပဲ အရပ်ဖက်တရားရုံးမှာ စီရင်တာကို တွေ့ရပြီးတော့ ကျန်တဲ့ ၈၅ မှုကတော့ ဟိုဖက်မှာ စီရင်ခွင့်မရတဲ့ဟာကို ကျမတို့ တွေ့ရတယ်။ အထူးသဖြင့် အာဏာပိုင်တွေ ကျူးလွန်တာ၊ စစ်တပ်တွေ ကျူးလွန်တာတို့ကတော့ အရပ်ဖက်တရားရုံးမှာ စီရင်လို့မရဘူးပေါ့နော်။ ကျမတို့က တောင်းဆိုတာက အရပ်ဖက် တရားရုံးမှာ စီရင်နိုင်ဖို့အတွက် သူတို့သည် နိုင်ငံကို ကာကွယ်မယ့် တာဝန်အကြီးမားဆုံး လူတွေဖြစ်ပြီးတော့ အဲလိုကျူးလွန်မှုတွေ ဆက်ပြီးတော့ ကျူးလွန်ခွင့် ရနေတာ ကျူးလွန်တာကို အဆုံးသတ်ဖို့အတွက်ကို တောင်းဆိုတာဖြစ်တယ်။”

တရားမျှတမှုအတွက် အဓိက အတားအဆီးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ဥပဒေအရ အပြစ်ပေးအရေးယူခြင်းမှ စနစ်တကျ ကင်းလွတ်ခွင့်ရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လတ်တလောနိုင်ငံတ၀န်းမှာ သက်ငယ်မုဒိမ်းတွေဖြစ်ပေါ်နေတဲ့အတွက် သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးဖို့၊ လွတ်ငြိမ်းချမ်းသာခွင့် လုံးဝခံစားခွင့်မပေးဖို့၊ ငွေများတရားနိုင်မဟုတ်ဘဲ တကယ့်အမျိုးသမီးတွေပေါ် ကာကွယ်ပေးတဲ့ ဥပဒေရှိဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

၁၉၉၉ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၂၅ ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Myanamdar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013