ထောင်ဖောက်ပြေးသူ အကျဉ်းသား ၂ ဦးကို ရဲရှာဖွေနေ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်ရိုလိုင်းနားပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းက အကျဉ်းထောင်ဖောက်ပြေးခဲ့တဲ့ အကျဉ်းသား ၂ ဦးကို ရဲတွေက ရှာဖွေနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ရိုဂျယ်လီယိုချာဗက်ဇ်နဲ့ ၂၆ နှစ်အရွယ် လဲန်နွန်ကမ့်ဘဲလ် အမည်ရတဲ့ အဲဒီအကျဉ်းသား ၂ ဦးဟာ ထောင်ရဲ့ ဒုတိယထပ်ပြတင်းမှန်ကို ရိုက်ဖျက်ကာ ထွက်ပြေးခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ဟာ ဆန်တာကလဲယာ စီရင်စုနယ်မြေ ဗဟိုအကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့ကြပြီလို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ သူတို့ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ ၄ ဦးပါ အုပ်စုထဲကဖြစ်ပြီး ကျန်တဲ့ အကျဉ်းသား ၂ ဦးကိုတော့ ပြန်ဖမ်းမိခဲ့တယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။ ပြန်ဖမ်းမိတဲ့ အဲဒီအကျဉ်းသား ၂ ဦးရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၂ ဦးကို အနံ့ခံ အမဲလိုက်ခွေးတွေ၊ ရဟတ်ယာဉ်တွေရဲ့ အကူအညီနဲ့ ရှာဖွေမှုတွေ လုပ်ဆောင်နေကြတာပါ။ ချာဗက်ဇ်ဟာ ဖောက်ထွင်းမှု၊ ခြောက်လှန့်တောင်းယူမှု၊ လက်နက်ကိုင်ဆောင်မှု စတဲ့အမှုတွေနဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့မှာ အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ကမ့်ဘဲလ်ကတော့ ဓားပြမှု၊ လက်နက်ကိုင်ခြိမ်းခြောက်မှုတွေနဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းချခံခဲ့ရတာပါ။ ဒီ ထောင်ဖောက်ပြေးတဲ့ အကျဉ်းသား ၂ ဦးနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်တခုခု တွေ့ခဲ့တယ်ဆိုရင်တော့ သက်ဆိုင်ရာကို ဒေသတွင်းဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် (၄၀၈) ၈၀၈-၄၅၀၀ ဒါမှမဟုတ် အမည်မဖော်ပဲ သတင်းချန်ထားခဲ့နိုင်တဲ့ ဖုန်းနံပါတ် (၄၀၈) ၈၀၈-၄၄၃၁ တို့ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

More News
Up