DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများနှင့် ကလေးများကို လိင်အကြမ်းဖက်ခံရမှု အကာအကွယ်ပေးရန် တောင်းဆို
DVB
·
November 25, 2016
အမျိုးသမီးများနှင့် ကလေးများကို လိင်အကြမ်းဖက်ခံရမှု အကာအကွယ်ပေးရန် တောင်းဆို
Donate to DVB

အမျိုးသမီးတွေနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့  တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ စတင်ပြုလုပ်နေပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ဘေးကနေ အကာအကွယ်ပေးဖို့အတွက် စုပေါင်းတောင်းဆိုဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတွေ အင်တာနက် အွန်လိုင်းပေါ်ကနေ စတင်လှုံ့ဆော်နေပြီး အနုပညာရှင်တွေနဲ့ လူသိများ ထင်ရှားသူတွေလည်း ပူးပေါင်း ပါဝင်လာပါတယ်။

“ဒီမှာက သေဒဏ်တွေ ဘာတွေဆိုရင် Human Rights ဆိုတာ ရှိတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် သေဒဏ်ကို အဓိကချတာတော့ မရှိဘူး။ ထက်ထက်အနေနဲ့တော့ သေဒဏ် အဓိကချဖို့တော့ မရည်ရွယ်ပါဘူး။ သေဒဏ်ထက် ကြီးမားတဲ့ပြစ်ဒဏ်ဆိုတာ ထောင်ဒဏ် တသက်တကျွန်းချတာပဲဖြစ်ဖြစ်၊ ဒီ့ထက်ပိုပြီးကြီးမားတဲ့ ပြစ်ဒဏ်ပေါ့နော်။ တခြားနိုင်ငံတွေမှာဆို သင်းကွပ်တာမျိုးတွေ၊ ကြိမ်ဒဏ်ပေးတာမျိုးတွေ လုပ်တယ်။ ကြိမ်ဒဏ်တခုတည်း မဟုတ်ဘူး၊ ကြိမ်ဒဏ် အချက် ၂၀ ပေးတယ်။ ရက်ရက်စက်စက် ကြိမ်ဒဏ်ပေးတယ်။ ထောင်ဒဏ်ကို တသက်တကျွန်း ချလိုက်တယ်။ အဲဒီတော့ အဲဒီလူက စိတ်မှာ လုံးဝနာကျင်သွားတယ်။ သူ ဒါမျိုးလုပ်ရင် ဒါမျိုးခံရမယ်ဆိုတာ သိတယ်။ အဲဒီလိုမျိုး စံပြအနေနဲ့ တယောက်လောက် လုပ်ပြလိုက်ရင် ဒီအမှုတွေက ပိုပြီးနည်းလာမယ်လို့ ထင်တယ်” လို့ Miss Myanmar ထားထက်ထက်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ကျရင်လည်း  လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ပေး ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ကျနော်တို့က သက်ငယ်မှ မဟုတ်ဘူး။ သက်လတ်၊ သက်ကြီး၊ မုဒိမ်းမှုမှန်သမျှ လိင်အကြမ်းဖက်မှုမှန်သမျှ ကျနော်တို့က ရှုတ်ချပါတယ်ခင်ဗျ။ အဲဒီအတွက် ကျနော်တို့က လိင်အကြမ်းဖက်မှု ပပျောက်ရေး ဆိုပြီးတော့ ခေါင်းစဉ်တပ်ထားတာပါခင်ဗျ။ အမြင့်ဆုံး မှန်းထားတာက ကြီးလေးတဲ့ပြစ်ဒဏ် ဆိုတဲ့ စကားရပ်နောက်ကွယ်မှာက အများကြီး ဖြစ်သွားနိုင်တယ်ဗျ။ ထောင်ဒဏ် အနှစ် ၃၀၊ အနှစ် ၄၀ ဖြစ်သွားနိုင်သလို ကြိမ်ဒဏ်တွေ ပါမယ်။ ကျန်တဲ့ထောင်ဒဏ်တွေ ပါမယ်။ ပူးတွဲတွေပေါ့နော်။ အဲဒီလိုတွေ ဖြစ်သွားနိုင်တယ်။ နောက်လူတွေ ကြောက်လန့်သွားမယ့်၊ မလုပ်ရဲမယ့်၊ နောင်ကြဉ်သွားမယ့် ပြစ်ဒဏ်တွေကို ကျနော်တို့က လိုချင်တာပါခင်ဗျ” လို့ ပွဲစီစဉ်သူ ကိုဇေယျာထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ နိုဝင်ဘာလအထိ မုဒိမ်းမှုပေါင်း ၇၀ ကျော်ရှိပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မုဒိမ်းမှုပေါင်း ၇၀၀ ကျော်၊ သက်ငယ်မုဒိမ်းမှုပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013