ဘိုလီးဗီးယားတွင် ၂၅ နှစ်တွင်း အဆိုးဆုံး မိုးခေါင်ရေရှားမှုဖြစ်၊ အရေးပေါ်အခြေအနေ ကြေညာ

ဘိုလီးဗီးယားနိုင်ငံမှာ ၂၅ နှစ်အတွင်း အဆိုးဆုံး မိုးခေါင်ရေရှားမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ဘိုလီးဗီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ လာပတ်စ်(La Paz) မြို့ခံတွေကို ရေပေးဝေနေတဲ့ ဆည်ကြီး ၃ ခုမှာ ရေခမ်းခြောက်သလောက်ဖြစ်နေလို့ မြို့ခံပြည်သူတွေကို အလှည့်ကျရေပေးဝေနေရပါတယ်။ မြို့မှာ မိသားစု ၁၂၅၀၀၀ ကျော် ရေပြတ်လပ်နေကြပြီး တချို့နေရာတွေမှာ ၃ ရက်မှ ရေ တခါပေးတယ်လို့ ဆိုပါတယ်။ အလှည့်နဲ့ပေးတဲ့ရေက နည်းလွန်းတဲ့အတွက် သောက်ရေအတွက်ပဲ လုံလောက်ပြီး အ၀တ်လျှော်ရေချိုးဖို့တော့ မလုံလောက်ဘူးလို့ ပြောဆိုပါတယ်။ နိုင်ငံမှာ သောက်ရေသုံးရေပြတ်လပ်မှု ပြဿနာဖြေရှင်းဖို့ ကတ်ဘီနက် အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီး နိုင်ငံခြားကုမ္ဗဏီတွေ ရေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုတွေ၊ အကြံဥာဏ်ကောင်းတွေ ရှိရင်လည်း မျှဝေဖို့လည်း အစိုးရက တိုက်တွန်းထားပါတယ်။ သမ္မတ မော်ရဲယ်လစ်ကတော့ သူ့နိုင်ငံမှာ ရေရှားပါးပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ကြုံတွေ့ရတာ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လို့ အပြစ်တင်ခဲ့ပြီး နိုင်ငံတ၀န်း ရေကာတာတွေ၊ ဆည်တွေ ရေခမ်းခြောက်မှုအခြေအနေကို သူကိုယ်တိုင် ရဟတ်ယာဉ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရပါတယ်လို့ ပြောဆိုပါတယ်။

More News
Up