Home
မြန်မာသတင်း
မြန်မာ့တပ်မတော်ကို လက်တုံ့ပြန်သည့် ကန့်သတ်စစ်ဆင်နွှဲခြင်းဖြစ်ဟု ကေအိုင်အို ပြော
နော်နိုရင်း
·
November 23, 2016
မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ စုပေါင်းထိုးစစ်ဟာ ကန့်သတ်စစ် ဆင်နွှဲတာဖြစ်ပြီး အရပ်သားပြည်သူတွေ အကျိုးစီးပွား ထိခိုက်မှုမရှိစေရေး အထူးသတိထား ဆောင်ရွက်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ကြေညာပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသအနှံ့ သာလွန်အင်အား အသုံးပြုကာ ကာလရှည်ကြာ ထိုးစစ်ဆင်နွှဲနေတာကြောင့် တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့ ဖိအားပေးဖို့ ပြန်လည်ထိုးစစ်ဆင်တာလို့ ထုတ်ပြန်ပါတယ်။ ဒီစစ်ပွဲဟာ ကန့်သတ်စစ်သာဖြစ်တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်ကတော့ အစိုးရဘက်က ထိုးစစ်ဆင်နေမှုတွေ လျှော့သွားရင်တော့ ပူးပေါင်းတပ်ဘက်က တိုက်ခိုက်မှုလည်း လျော့သွားနိုင်တယ်လို့ ပြောပါတယ်။ “ကန့်သတ်စစ်ဆိုတာ အချိန်လည်းဖြစ်နိုင်သလို နေရာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နေရာတကာမှာ ကျယ်ကျယ်ပြန့်ပြန့် တိုက်တဲ့တိုက်ပွဲ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးလို့ ကျနော် အဲလိုပဲမြင်ပါတယ်။ အစိုးရဘက်က ထိုးစစ်ဆင်နေတဲ့ဟာတွေက ကချင်ပြည်နယ်တွင်း နေရာအနှံ့မှာ ထိုးစစ်ဆင်ထားတာ ၃ လကျော်သွားပြီ။ အကြီးအကျယ် ထိုးစစ်ဆင်တာ ဖြစ်နေတဲ့အတွက်ကြောင့် အဲဒါမျိုးလေးတွေ စစ်ရှိန်လျော့သွားရင်တော့ သူတို့ဘက်က ဆက်မလုပ်တော့ဘူးဆိုတဲ့ အနေအထားမျိုးလို့ပဲ ကျနော်မြင်တာပေါ့နော်။” ကေအိုင်အေ ကချင်အဖွဲ့၊ တီအန်အယ်လ်အေ တအာင်းပလောင်အဖွဲ့နဲ့ အမ်အန်ဒီအေအေ ကိုးကန့်ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၀ ရက်ကတည်းက မူဆယ်ခရိုင်အတွင်းမှာ တပ်စခန်းနဲ့ ရဲတပ်ဖွဲ့စခန်းတွေ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့ကို အလစ်အငိုက်ရယူပြီး တချိန်တည်း တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024