DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် လူ ၃၀၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်
DVB
·
November 23, 2016
တိုက်ပွဲများကြောင့် လူ ၃၀၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်
Donate to DVB

တရုတ်-မြန်မာနယ်စပ် မူဆယ်ဒေသမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြန်မာပြည်က စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာကြတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ ယူနန်ပြည်နယ် ၀မ်တိန်မြို့ကို စစ်ဘေးရှောင်သူ ၁၁၀၀ ကျော်နဲ့  မန်ဟိုင်မြို့ကို ၂၀၀၀ ကျော်လောက် ရောက်ရှိလာလို့ တရုတ်အစိုးရက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး နေစရာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

မူဆယ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျူကုတ်(ပန်ဆိုင်း)မြို့က စစ်ဘေးရှောင်တွေကို တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ကူညီပေးထားတာလို့ အဲဒီစခန်းမှာ နေထိုင်သူတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက် လက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံနယ်စပ်က ကျေးရွာပေါင်း ၁၀ ရွာလောက်က နယ်စပ်နေပြည်သူတွေဟာ အုပ်စုလိုက် ခြေကျင်လမ်းလျှောက်ပြီးရော ဆိုင်ကယ်တွေနဲ့ပါ ၀မ်တိန်မြစ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ခိုလှုံနေကြတာပါ။

တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်သူတွေကို ကြူကုတ်ပန်ဆိုင်း မြို့တော်ဝန်က ကားစီစဉ်ပေးကာ နယ်စပ်ထိ ပို့ဆောင်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံဒေသခံအစိုးရက ကယ်ဆယ်ရေးစခန်းတွေကို ကားနဲ့ ခေါ်ဆောင်လာခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တရုတ်ဒေသခံ ယူနန်ပြည်နယ်အစိုးရက စစ်ဘေးရှောင်လာသူတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ခေတ္တနေရာချပေးထားပေးပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် တရုတ်နယ်နိမိတ်အတွင်းကို ဗုံးဆန်တွေကျရောက်ခဲ့လို့ တရုတ်နယ်စပ်နေပြည်သူတဦး လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစခန်းကို သတင်းယူဖို့ သွားရောက်ခဲ့တဲ့ ဒီဗွီဘီသတင်းဌာန အပါအ၀င် ပြည်တွင်းသတင်းထောက်တွေကို ရွှေလီပြည်ပရေးရာဌာနက တာဝန်ရှိသူတဦးက သတင်းမယူဖို့ တားမြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်ကတော့ နှစ်နိုင်ငံနယ်စပ်အနီး ပစ်ခတ်မှုတွေကို အမြန်ဆုံးထိန်းချုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ မနေ့က ရန်ကုန်မှာကျင်းပတဲ့  မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနဲ့ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောပါတယ်။

ကိုးကား- China.com

ဓာတ်ပုံ - အောင်ကျော်ဇော

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013