DVB Logo
Home
မြန်မာသတင်း
ဥပဒေစိုးမိုးမှုရှိရေး အလွန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
November 14, 2011
ဥပဒေစိုးမိုးမှုရှိရေး အလွန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Donate to DVB

ဥပဒေစိုးမိုးမှုရှိရေးကိစ္စဟာ အင်မတန်အရေးကြီးတယ်လို့ မြင်ကြောင်း တနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို အခြခံပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ပြောကြားလိုက်ပါတယ်။

ရန်ကုန်၊ ရွှေဂုံတိုင်က​ ​အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့​ ​နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာနဲ့တွေ့ဆုံပွဲမှာ ခုလို ပြောကြားလိုက်တာပါ။

“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ကိစ္စတခုလို့ ကျမမြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊​ ​ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျမတို့ဟာ သိပ်ခရီးရောက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသား ဆိုတာလည်း ဥပဒေစိုးမိုးရေး ရှိတဲ့နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက် စီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲလာစေချင်တယ်ဆိုရင် ဒီမှာလည်း ဥပဒေစိုးမိုးရေးဆိုတာ လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့သူတွေက ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိမရှိ​ ဆိုတာကို​ ​သေသေချာချာ ကြည့်ပြီးမှ သူတို့ရင်းနှီးမယ်၊ မရင်းနှီးဘူးဆိုတာကို ဆုံးဖြတ်မှာ​ ဖြစ်ပါတယ်။ ​နောက်ပြီးတော့ ကျမတို့နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ဆိုရင် ဥပဒေစိုးမိုးရေးဆိုတာ ရှိရပါမယ်။ ဥပဒေစိုးမိုးရေးက ဘာပေါ်မှာ မူတည်လည်းဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိရမယ်။ တရားရေးမဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိလို့ကတော့ ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ကျမမြင်ပါတယ်။”

မီဒီယာတွေ့ဆုံပွဲ အဖွင့်စကား ပြောကြားရာမှာ အဖွဲ့ချုပ်မှတ်ပုံတင်၊ မတင်ကိစ္စကို နိုဝင်ဘာ ၁၈ ရက်ကျမှ ပြောမှာဖြစ်ကြောင်း၊ ဒီရက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်လို့ ကြားတဲ့အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေ မအေးချမ်းသေးဘဲ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စိုးရိမ်နေပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်မှာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိတဲ့အတိုင်း တတ်နိုင်တဲ့နေရာက ၀င်ရောက်ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

မီဒီယာတွေ့ဆုံပွဲတက်ခဲ့တဲ့ ရန်ကုန်တိုင်မ်းမီဒီယာဂရုပ်ဖ်က အယ်ဒီတာ ကိုဒီမင်းက သတင်းသမားတဦးအနေနဲ့တော့ လိုချင်တဲ့သတင်းစကားမရဘူးလို့ ပြောပါတယ်။

“အမှန်တိုင်းပြောရရင်တော့ အထွေထွေပဲဖြေသွားတယ်။ သတင်းသမားတွေဘက်က ကြည့်ရင်တော့ ကျနော်တို့ သတင်းရဲ့တန်ဖိုးအရ ထွက်လာတဲ့အဖြေကတော့ မရှိဘူး။ ကျနော်တို့လိုချင်တဲ့ တော်တော်များများ သတင်းထောက်တွေလိုချင်တဲ့ သတင်းစကားကိုတော့ မရဘူး။ ကျနော်က သတင်းသမားဘက်က အဲလိုပဲမြင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာတွေ့ဆုံပွဲကို မွန်းလွဲတနာရီမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်စကား ပြောကြားပြီးတဲ့နောက် ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆက်လက် ဖြေကြားပါတယ်။

ပြည်တွင်းပြည်ပ​ သတင်းဌာနတွေက သတင်းထောက် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး  အခုပြုလုပ်တဲ့ မီဒီယာတွေ့​ဆုံပွဲပြီးရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အလုပ်တာဝန်တွေ များလာတော့မှာဖြစ်လို့ ဒီနှစ်အတွင်း မီဒီယာနဲ့ သီးသန့်တွေ့ဖို့ အစီအစဉ် မရှိတော့ဘူးလို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013