မူဆယ်တွင် လက်လုပ်မိုင်းတလုံး ပေါက်ကွဲ
DVB
·
November 22, 2016
ရှမ်းပြည်နယ် မူဆယ်မြို့မှာ လက်လုပ်မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်က မူဆယ်မြို့၌ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားရပ်၊ မြို့ပတ်လမ်းမှ မြို့မအားကစားကွင်းသို့သွားရာ ပန်မှတ်နိုင်လမ်းဘေး ချုံစပ်အတွင်းမှ ပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးရှိ နေအိမ်နံရံတွေ ကျောက်ခဲစ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက် ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီး ဓာတ်ခဲအသေး ၅ လုံးပါ ဓာတ်ခဲပတ် ၁ ခုနဲ့ ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေ တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အလားတူ ဒီကနေ့မနက် ၁၀ နာရီခန့်က ဟိုမွန်ရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံးဝန်းအတွင်းမှာ မြေကြီးထဲစိုက်ဝင်နေတဲ့ ဒလက် ၈ ခု၊ အလျား ၁ ပေခန့်ရှိ မပေါက်ကွဲသေးတဲ့ စိန်ပြောင်းပစ်ဗုံးသီးတလုံး တွေ့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။