Home
မြန်မာသတင်း
ရခိုင်တွင် ဒေသန္တရရဲတပ်ဖွဲ့ကိစ္စ ကွဲလွဲမှုအချို့ ရှိနေ
DVB
·
November 21, 2016
ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်တာနဲ့ပတ်သက်လို့ ကွဲလွဲမှုအချို့ ရှိနေတယ်လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့ကနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆)မှာ ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်မရှိဘူးလို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့နဲ့ ပတ်သက်လို့ ပြည်ထောင်စုက ပြောဆိုလိုက်တာနဲ့ နည်းနည်း ကွဲလွဲမှုတွေ ရှိနေတယ်လို့ စည်ပင်ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။ “ကျနော်တို့ ဝန်ကြီးချုပ်နဲ့ နာမည်တွေကိုတော့ မေးပြီးတော့ အသေအချာ မသိရသေးဘူး။ ဒေသန္တရရဲ ဘာညာဆိုတာကို အရင်တော့ ဒီဒေသမှာဝင်တဲ့ရဲကို ဒေသမှာပဲ တာဝန်ချထား ပေးမယ်။ ဒေသန္တရရဲ ဆိုတဲ့ဟာမျိုး ပြောတာပဲပေါ့ဗျာ။ အဲဒီမှာ ပြည်ထောင်စုနဲ့တော့ ဒီကပြောတဲ့ ဟာနဲ့ ကွဲလွဲတာတော့ နည်းနည်းရှိတယ်။ ဒါပေမယ့် ဒီလူတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ပဲ ဖြစ်မှာကို။ ဒီဒေသကဝင်တဲ့ ရဲကို ဒီဒေသမှာပဲ တာဝန်ချထားမယ်လို့ ကျနော်တို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကိုယ်တိုင်က ပြောထားတာရှိတာကိုး။” နယ်ခြားစောင့်ရဲမှူးချုပ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေကို မြို့နယ်အသီးသီးတို့တွေ တာဝန်ပေးသင့်တယ်လို့ ပြောထားတာရှိလို့ အခုအဖွဲ့ဝင် ၁၀၀ ကျော်ကို သင်တန်းတက်နေပြီလို့ ပြောပါတယ်။ “နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးကတော့ မြို့နယ်အသီးသီးတို့မှာ တာဝန်ပေးသင့်တယ်လို့ စကားပြောထားတာ ရှိတယ်။ ပြည်ထောင်စုက ပြောတဲ့ဟာနဲ့ ဒီမှာ အခုအရင်က ပြောထားတဲ့ ဟာနဲ့ ဒီမှာအရင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ကလည်း ဒေသန္တရရဲပုံစံမျိုး လုပ်ပေးမယ်ဆိုတဲ့စကား ပြောထားတာ ရှိတာကို။ အဲဒီလို ဒေသအတွင်းကပဲ အခြားဒေသ တွေမှာ တာဝန်ထမ်းဆောင်ဖို့ မချမှတ်ပေးဘူးပေါ့နော်။ ဒီဒေသမှာပဲ တာဝန်ချထားမယ် ဆိုတဲ့ဟာမျိုးနဲ့ အခုအဖွဲ့ဝင် ၁၀၀ ကျော် စစ်တွေမှာပဲ သင်တန်းပေးနေပြီ။” မောင်တောမြို့နယ်ထဲက ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် ရဲစခန်း ၃ ခု အောက်တိုဘာ ၉ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဒေသခံတွေ စိုးရိမ်မှုတွေ ဖြစ်နေကြပြီး ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက် ရခိုင်ပြည်နယ်အစိုးရက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေထဲမှာ ဒေသန္တရ ရဲအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးသွားမယ်လို့ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများရဲ့ မောင်တောခရီးစဉ်အတွင်း ရဲမှူးချုပ် သူရစန်းလွင်က ပြောဆိုခဲ့ပါတယ်။ “ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကိုယ့်ကျေးရွာကို ကာကွယ်စောင့်ရှောက်ချင်တဲ့ ဒေသခံ လူငယ်လူရွယ်တွေကို မွေးထုတ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဆောင်ရွက်နေသလို ပြည်နယ် ၀န်ကြီးချုပ်ကလည်း ကျနော်တို့ကို လမ်းညွှန်မှာကြားထားပါတယ်။ အသက် ၁၈ နှစ်ပြည့်မယ် ၃၅ နှစ်အောက်၊ လိုအပ်ရင်၊ ကျန်းမာရေးကောင်းရင် အသက်ကို လျှော့ပေါ့ပြီးတော့ တင်ပြခွင့်ပြုချက် ရယူမယ်။ ပြီးရင် ပညာအခြေခံ မူလတန်းအဆင့်ဆိုရင် လက်ခံပါပြီ” လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။ သတင်း - ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024