DVB Logo
Home
မေးမြန်းခန်း
အစိုးရတပ်က ဓာတုလက်နက်သုံးမသုံး ကေအိုင်အေ စုံစမ်းစစ်ဆေး (ကေအိုင်အေနှင့် မေးမြန်းချက်)
DVB
·
November 13, 2011
Donate to DVB

ကချင်ပြည်နယ်ထဲက ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်)နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်က ဓာတုလက်နက်တွေကို အသုံးပြုနေတယ်လို့ ကေအိုင်အေက စွပ်စွဲလိုက်ပါတယ်။

ဓာတုအဆိပ်ငွေ့ပါတဲ့ ကျည်ဆန်တွေ ပစ်ခတ်တာကိုခံရတဲ့ ကေအိုင်အေ တပ်သားတွေဟာ တိုက်ပွဲထဲမှာ မူးဝေအော့အန်တာ၊ အရေပြားမှာ အနာတွေပေါက်တာ၊ သတိမေ့မြောတာတွေ​ ​ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြဖို့ ကေအိုင်အေက စီစဉ်နေပါတယ်။ ​ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းကို မေးမြန်းထားပါတယ်။

ဓာတုလက်နက်သုံးတယ်ဆိုတာက ဘယ်မြို့နဲ့ နီးတာလဲခင်ဗျ။

“အဲဒါမိုးမောက်မြို့နယ်လို့ ပြောလို့ရတယ်။ မိုးမောက်မြို့နယ်နဲ့ မိုးမောက်ခွင် အတွင်းမှာပေါ့နော်။ ဒါပေမယ့် ဖြစ်တဲ့နေရာကတော့ အရင်တုန်းက တိုက်ပွဲ စဖြစ်ခဲ့တဲ့ ခိုကန်ကျေးရွာလို့ ပြောလို့ရတယ်။ ကချင်ရွာရှိတယ်။ အဲဒီမှာ သူတို့ စစ်ဆင်ရေးလုပ်တဲ့အခါမှာ တနေကုန်လုပ်တယ် အဲဒီမှာ နေ့လယ်ပိုင်းလောက် သူတို့ ဓာတုလက်နက် သုံးတာပဲ။ အဲဒီမှာ ကျနော်တို့ ရဲဘော်တွေ ၁၀ ယောက်နီးပါးလောက် ဓာတုလက်နက် အခိုးငွေ့တော့ ရှူပြီးတော့ ဝေဒနာ ခံစားရတယ်။ ပြင်းထန်ဒဏ်ရာ ရရှိတယ်ခင်ဗျ။ အဲဒီ ပြင်းထန်တဲ့ ရဲဘော်တွေကို နောက်တန်းပို့ထားတယ်။”

ရဲဘော်တွေက နောက်တန်းပြန်ရောက်လာပြီလား။

“ပြင်းပြင်းထန်ထန်ခံစားရတဲ့ ၂ ​ယောက်ကတော့ ​ရှေ့တန်းကနေပြီးတော့ ​ရှေ့တန်း​ အရေးပေါ်​ဆေးရုံ ပို့ထားတယ်ခင်ဗျ။ ကျန်တဲ့ တချို့ကတော့ ကျနော်တို့လည်း အဲဒီမှာ အမြဲတမ်း​ဆေးဝါးတွေ ဆောင်ထားပါတယ်။ ဆေးဝါးတွေ ဆိုတဲ့နေရာမှာ သစ်ဖုတွေပေါ့နော် သစ်ရွက်တွေပေါ့နော် တိုင်းရင်းဆေးဝါးလို့ ပြောရမယ်ခင်ဗျ ဖြစ်တာနဲ့ အဲဒါ စားသုံးလိုက်တဲ့အခါမှာ တချို့ကတော့ အချိန်တိုအတွင်းမှာ နည်းနည်းဝေဒနာ သက်သာသွားသလို ရှိတယ်။ အဲဒါမျိုးကျတော့ ရှေ့တန်းပြန်ဝင်ကြတယ်။ ဒါပေမယ့် ဟို ၂ ယောက်က တော်တော်လေး ပြင်းထန်တဲ့အတွက်ကြောင့်မို့ ပြင်းထန်တယ်ဆိုတာ လုံးဝ မူးမေ့သွားတဲ့အဆင့် ပျော့ခွေသွားတဲ့အဆင့် ရောက်သွားလို့ သူတို့ကိုတော့ ​ရှေ့တန်းရဲ့ ဆေးခန်းပေါ့နော် အရေးပေါ်ကုသဖို့ မနေ့က ပြန်ပို့လိုက်တယ်။”

တချို့ကပြောနေတာ လက်နက်ကြီးပစ်လိုက်လို့ တုန်ခါအားနဲ့ ဖြစ်တာရော မဖြစ်နိုင်ဘူးလား ဆိုတာမျိုး ပြောတယ်ခင်ဗျ။  အဲဒါမျိုးရော မဖြစ်နိုင်ဘူးလား။

“သူတို့ပစ်တဲ့အခါမှာ ဒီဟာက လက်နက်ကြီးဖြစ်တယ်၊ ဒီဟာက အစစ်လက်နက် ဖြစ်တယ် ဆိုတာကတော့ ကွဲကွဲပြားပြား သိလို့ရတယ်ခင်ဗျ။ အခု ဖြစ်တဲ့ ပေါက်ကွဲတဲ့ လက်နက်ကြီးတွေရဲ့ ဓာတုလက်နက် သုံးတဲ့ဟာတွေဟာ သူ့ရဲ့ပေါက်ကွဲမှုအား သိပ်ပြီးတော့ မပြင်းထန်ဘူး။ ပေါက်ကွဲအားလည်းနည်းတယ်။ နောက်ပြီးတော့ ထွက်လာတဲ့ မီးခိုးတွေကလည်း အနက်ရောင်မီးခိုးတွေ ထွက်လာတယ်။ အဲဒီမီးခိုးတွေ ရှူမိတဲ့လူတွေက သိပ်မကြာခင်မှာပဲ အားလုံးက မူးမေ့သွားတာမျိုး ဖြစ်တယ်။ တချို့နေရာတွေမှာ လက်နက်ကြီးတွေက ကျနော်တို့ ရဲဘော်တွေ ရှေ့တန်းစခန်းမှာ ဘေးနားမှာ ကျကွဲတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ သူရဲ့ ဗုံးဆန်မှန်ရင်တော့ ဒဏ်ရာရမှာပေါ့။ ဗုံးဆန်မမှန်ရင်တော့ သူ့အသံနဲ့ပဲ တုန်ခါမှုတော့ ရှိတယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ တခြားကိစ္စဖြစ်တာ မရှိဘူး။ အခုကတော့ အနက်ရောင်မီးခိုးတွေ အူထွက်လာတယ် မိနစ်ပိုင်းအတွင်းမှာပဲ မီးခိုးတွေက ပြန်ပြီးတော့​ ​ပျောက်ကွယ်သွားတယ်။ ​ပြန့်သွားတာပေါ့နော်။ အဲဒီမီးခိုးကို ရှူရှိုက်မိတဲ့​ ရဲဘော်တွေကတော့​ ​ဝေဒနာခံစားရတယ်။ နောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာတွေက ဘာလဲဆိုတော့ အရေပြားမှာ အရည်ကြည်ဖုတွေပေါက်လာတယ်။ မျက်လုံးတွေ ဝေဝါးလာတယ်။ အဲဒီလိုမျိုး ဓာတ်ငွေ့ ရှူရှိုက်ပြီးတဲ့ နောက်ပိုင်း သုံးလေးရက် ကြာတဲ့အခါမှာ ကိုယ်ပေါ်မှာ ရေယုန်ပေါက်သလိုမျိုး ဖြစ်လာတယ်။ ယားယံလာတာမျိုး နောက်ပြီးတော့ မျက်စိတွေ ဝေဝါးလာတာမျိုး ခံစားရတယ်ခင်ဗျ။ တချို့ကတော့ ပြောကြမှာပဲ ဒါပေမယ့် ဖြစ်နိုင်တဲ့ကိစ္စထင်ပြီးတော့ ပြောကြတယ်လို့ ပြောကြမယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း အထောက်အထားတွေ ရအောင်တော့ စုနေကြပါတယ်။ အထောက်အထားရမှ အစိုးရတပ်တွေက ဓာတုလက်နက် သုံးတယ်ဆိုပြီး​ ​ပြောတဲ့အချိန်မှာတော့ အတော်လေး နောက်ကျသွားပါမှာ။”

မူးဝေတာတို့ အော့အန်တာတို့ အရေပြားရောဂါ ဖြစ်တာမျိုးပေါ့လေ ချက်ချင်းလက်ငင်း အသက်အန္တရာယ် ဖြစ်လောက်တဲ့​ အနေအထားတော့ မရှိဘူး မဟုတ်လား။

“ဒါပေမယ့် အဲဒီကိစ္စမှာ တကယ်လို့များ အချိန်မီဆေးဝါးတွေ မသောက်လိုက်ဘူးဆိုရင်တော့ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ဝေဒနာခံစားနေရတဲ့ ရဲ​ဘော်တွေရဲ့​ ​ပြောဆိုချက်အရ သူတို့က လုံးဝ မူးမေ့ပြီးတော့ သတိမေ့သွားတဲ့ဟာမျိုး လုံးဝမလှုပ်မရှား ရင်ကြပ်တဲ့ပုံစံ အသက်ရှူကျပ်လာတဲ့ပုံစံ​ ​ပြောလာတယ်ခင်ဗျ။ အဲဒီလို ဖြစ်လာတော့ တကယ်လို့များ ဆေးဝါးတွေကို အချိန်မှီ သူတို့ကို မကုလိုက်ဘူး ဆိုရင်တော့ အသက်အန္တရာယ်လုံးဝ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။”

အခု ကေအိုင်အေက သုံးနေတဲ့ တိုင်းရင်းဆေးဆိုတဲ့ဟာက ကျနော်တို့ကို ပြောလို့ ရလား ဘယ်လိုဆေးမျိုးလဲ။

“သူက ရိုးရိုးရှင်းရှင်းပြောမယ်ဆိုရင်တော့ လက်ဖက်ခြောက်ပေါ့နော် ဒေသထွက် လက်ဖက်ခြောက်ကို အများကြီးသုံးပါတယ်။ အဲဒီအရွက်စိမ်းတွေကို အရည်ညှစ်ပြီးတာ့ သောက်တာမျိုး။ နောက်ပြီးတော့ မြင်းခွာရွက် ဒါတွေက အားလုံးသိနေတဲ့ အဆိပ်ဖြေဆေးတွေပါပဲ။ တခြား သစ်ဥသစ်ဖုတွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာ ရှိတဲ့ ဒေသခံလူထုတွေကလည်း အခု ဒီဘက်မှာ ဓာတုလက်နက် သုံးလာတယ် ဆိုတဲ့ဟာမျိုး​ ​ပြောလာတဲ့အခါမှာ​ ​အေးခဲတဲ့ဒေသမှာ​ ​ပေါက်တဲ့ ရေခဲပြင်မှာပေါက်တဲ့ အဆိပ်ဖြေဆေးတွေ ပို့ပေးတာမျိုး ရှိတယ်။ အဲဒီဆေးကို ကျနော်တို့ ဖြစ်နိုင်သလောက် လက်လှမ်းမီသလောက် သိမ်းထားတာမျိုး ရှိတယ်။”

အခုဓာတုလက်နက် ကိစ္စဆိုရင် နိုင်ငံတကာမှာလည်း ပိတ်ပင်တားဆီးထားတဲ့ ကိစ္စဖြစ်တော့ နိုင်ငံတကာကို ဒီကိစ္စကို တင်ပြသွားဖို့ရော စီစဉ်ပါသလားခင်ဗျ။

“မနေ့ကဖြစ်တဲ့ ဝေဒနာတွေကို ခံစားရတဲ့ ရဲဘော်တွေကို အဲဒီ ကိစ္စကို အခြေအနေ တောင်းထားတာမျိုး ရှိတယ်။ သူတို့ရဲ့ သွေးနမူနာတို့၊ နောက် သူတို့ရဲ့ အန်ဖတ်တွေ ရှိခဲ့ရင် အန်ဖတ်ထဲက နမူနာတွေ ယူထားဖို့ ရှေ့တန်းကိုတော့ ပြောထားတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတော့တော့ မသိဘူး။ ဒါပေမယ့် အဲဒီရဲဘော်တွေကတော့ နောက်တန်းကို တဆင့်တဆင့် ပို့ပေးဖို့ကိုတော့ ရှေ့တန်း တပ်မမှူးတွေကို ပြောထားရှိတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အဲဒီလူနာတွေ နောက်တန်း သူတို့ရဲ့တပ်မဟာဌာနချုပ်ကို ရောက်လာမှာပါ။ အဲဒီအခါကျရင် အဲဒီကနေ တဆင့် ကျနော်တို့ သက်သေအထောက်အထားတွေ ရအောင်ဖော်ထုတ်သွားဖို့ အစီအစဉ်ရှိတယ်။”

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013