DVB Logo
Home
မြန်မာသတင်း
ကေအန်ယူက ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး မကြာခင် အစိုးရနှင့် ဆွေနွေးမည်
DVB
·
November 13, 2011
ကေအန်ယူက ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး မကြာခင် အစိုးရနှင့် ဆွေနွေးမည်
Donate to DVB

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စ ​ဆွေးနွေးဖို့  ကရင်အမျိုးသားအစည်းအရုံး​ (KNU)က ငြိမ်းချမ်းရေးဖော်ဆောင်ရေး​​ကော်မတီကို ဖွဲ့စည်းလိုက်ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အစိုးရအဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့​ ​တွေ့ဆုံဖို့ရှိတယ်လို့​ ​ကေအန်ယူခေါင်းဆောင်တဦးက​ ​ပြောပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာလ ၈ ရက်ကနေ ၁၁ ရက်နေ့​ အထိ ပြုလုပ်တဲ့ KNU အရေးပေါ် အစည်းအဝေးမှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး​ ​အဆိုပါ ငြိမ်းချမ်းရေး​ဖော်ဆောင်ရေး​ကော်မတီမှာ  အဖွဲ့ဝင် ၇ ဦး ပါဝင်တယ်လို့ အဖွဲ့ထဲ ပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် KNU ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သကဘော၊ ဒု-ဥက္ကဋ္ဌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော တို့ဖြစ်ပြီး အဖွဲ့ဝင်တွေကတော့ KNU အထွေထွေအတွင်းရေးမှူး ချုပ် နော်စီဖိုးရာစိန်၊ ကျန်းမာရေး တာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုအားတိုးနဲ့  ဖားအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေး ပါဝင်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။ ဆုံးဖြတ်ချက် အသေးစိတ်ကိုတော့​ ​ပြောခွင့်ရသူကိုသာမေးဖို့ ပြောပါတယ်။ ဒါပေမယ့် ပြောခွင့်ရသူတွေဖြစ်တဲ့  ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သကဘောနဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

အစည်းအဝေး တက်ရောက်ခဲ့သူ ခေါင်းဆောင် တဦးကတော့ ဒီဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီဟာ မကြာခင်ရက်ပိုင်းတွေမှာ အစိုးရအဆင့်မြင့် ကိုယ်စားလှယ်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။

အစိုးရအဆင့်မြင့် ကိုယ်စားလှယ်တွေထဲမှာ မီးရထားဝန်ကြီး ဦးအောင်မင်းလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအန်ယူ ကိုယ်စားလှယ်တချို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ  တွေ့ဆုံခဲ့ပါတယ်။

အဲဒီဆွေးနွေးမှု အသေးစိတ်ကိုတော့ နှစ်ဖက်လုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

KNU နဲ့ နားလည်မှုရယူထားတဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး(ခေါ်) ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ကတော့ အခုလဆန်း ၃ ရက်နေ့က ပြည်နယ်အစိုးရနဲ့ ကရင်ပြည်နယ်ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်တပ်တွေ အကြား ယာယီအပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပါတယ်။

အခုလ ၆ ရက်နေ့ကစပြီး အစိုးရနဲ့ ဒီကေဘီအေ နှစ်ဖက် ယာယီ အပစ်အခတ်ရပ် စဲရေး ပြုလုပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013