နေပြည်တော်လေ့လာရေးသွားသည့် မူကြိုကလေးငယ်များကားမှောက်
DVB
·
November 18, 2016
ပဲခူးတိုင်း တောင်ငူမြို့နယ် အမြန်လမ်းမကြီးပေါ်မှာ နေပြည်တော်ကို လေ့လာရေးသွားရောက်မယ့် မူကြိုကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် မီးလောင်တိမ်းမှောက်လို့ ယာဉ်မောင်းတဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရသွားပါတယ်။
ဒီမနက် ၈ နာရီဝန်းကျင်လောက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၀/၆ နဲ့ ၁၅၀/၇ ကြား ဇီးပင်သာရဲစခန်းအပိုင်နေရာမှာ တောင်ငူမြို့ အမှတ် ၅ ပကူးမူကြိုကျောင်းက ဆရာမတွေနဲ့ ကလေးငယ်တွေ လိုက်ပါလာတဲ့ ဟိုင်းလပ်မော်တော်ယာဉ် မီးလောင်ကျွမ်းပြီး တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်မောင်း သေဆုံးသွားပြီး မူကြိုဆရာမ ၃ ဦးနဲ့ ကလေးငယ် ၅ ဦး ဒဏ်ရာရခဲ့တာပါ။
အဆိုပါကားပေါ်မှာ လိုက်ပါလာတဲ့သူတဦးက “ပထမစဖြစ်တာက ဝါယာရှော့ခ်ဖြစ်ပြီး ကားကမီးလောင်သွားတာ။ ပြီးမှမှောက်သွားတာ။ ကားကလည်း ဓာတ်ဆီကားဆိုတော့ ပိုဆိုးသွားတာပေါ့။ အခုမှ ထွက်လာရုံပဲရှိသေးတာ။ ကလေးတွေကို နေပြည်တော်ကို လေ့လာရေးအလည်အပတ်လိုက်ပို့တာ” လို့ ပြောပါတယ်။
မော်တော်ယာဉ်မီးလောင်ရာနေရာကို ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်တစီးနဲ့ သာဂရအမြန်လမ်း မီးသတ်စခန်းက မီးသတ်ယာဉ်တစီးတို့ လာရောက်ငြှိမ်းသတ်ကြရာ ၈ နာရီကျော်မှာ မီးငြှိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ဇီးပင်သာအမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီး