ခင်ပွန်းသည်ကို ဂရုမစိုက်ဘဲ ဖုန်းပြောနေသည့် ဇနီးအား ဓားနှင့်ခုတ်သတ်
DVB
·
November 18, 2016
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီခွဲခန့်က ခင်ပွန်းဖြစ်သူက ဇနီးသည်အား ထင်းခုတ်ဓားမနဲ့ခုတ်မှု ဖြစ်ပွားခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပိန္နဲကုန်းရွာသား မင်းမင်းစိုးဟာ တောင်ပေါ်မှ ထင်းခုတ်ပြီး နေအိမ်သို့ ပြန်လာချိန်မှာ ဇနီးဖြစ်သူ မအေးအေးအောင်က ခင်ပွန်းသည်ကို ဂရုမစိုက်ဘဲ ဖုန်းပြောနေတဲ့အပြင် ကွာရှင်းမယ်လို့ ပြောဆိုခဲ့လို့ ဒေါသဖြစ်ကာ စိတ်မထိန်းနိုင်ဘဲ ထင်းခုတ်ရာမှာ အသုံးပြုတဲ့ အရိုးအသွား ၁၈ လက်မခန့်ရှိ ဝါးရိုးတပ်ဓားမနဲ့ နေအိမ်နောက်ခြံအနားမှာ ခုတ်ခဲ့လို့ ဇနီးဖြစ်သူ သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဖြူးမြို့ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက "ဟုတ်ပါတယ် သူ့ယောက်ျားကခုတ်တာပါ။ ပြီးတော့ တရားခံက လာပြီးအဖမ်းခံပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဓားနဲ့ခုတ်ခဲ့သူ မင်းမင်းစိုးအား ဖြူးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)