Home မြန်မာသတင်း ရွှေဝါရောင်သံဃာခေါင်းဆောင် ကျန်းမာရေး ပြန်လည် ကောင်းမွန်
ရွှေဝါရောင်သံဃာခေါင်းဆောင် ကျန်းမာရေး ပြန်လည် ကောင်းမွန်
ashin ganbiya စစ်ကိုင်းတိုင်း ကလေးထောင်မှာ အကျဉ်းကျနေတဲ့ ရွှေဝါရောင်သံဃာခေါင်းဆောင် ဦးဂမ္ဘီရရဲ့ ကျန်မာရေး ပြန်လည် ကောင်းမွန်နေတယ်လို့ ဒီနေ့ ထောင်ဝင်စာတွေ့တဲ့ မယ်တော် ဒေါ်ရေးက ပြောပါတယ်။
“ကျန်းမာရေး တိုးတက်လာပါတယ်။ အရင်အခေါက်ထက် လန်းလန်းဆန်းဆန်း ပိုရှိတယ်။ လွတ်လည်း လွတ်တော့မှာပါနော်။ မလွတ်ခင် နောက်ဆုံးအကြိမ် ထောင်ဝင်စာ တွေ့တာလို့ပဲ စိတ်ထဲမှာ သတ်မှတ်ထားတယ်။”
လာမယ့် ၁၄ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ ကောလာဟလတွေ ထွက်နေတာကြောင့် ၁၄ ရက်နေ့အထိ ကလေးမြို့မှာ စောင့်နေမယ်လို့ အရှင်ဂမ္ဘီရရဲ့မယ်တော် ဒေါ်ရေးက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က အရှင်ဂမ္ဘီရကို ထောင်ဝင်စာတွေ့တဲ့အချိန်မှာ ဆောင်းရာသီ အအေးဒဏ်ကြောင့် ကိုယ်တော်ရဲ့ ကျန်းမာရေး ဆိုးနေတယ်လို့ မယ်တော်ဒေါ်ရေးကပဲ မီဒီယာတွေကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး ကင်တားနားက အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အရှင်ဂမ္ဘီရဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၆၃ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လည် လွတ်မြောက်လာခဲ့ပြီး နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၇၀၀ နီးပါး ကျန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဆိုပါတယ်။
ဆက်စပ်သတင်းများ