လွှတ်တော်ကိုယ်စားလှယ်များကို ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ သတိပေး
သော်ဇင်မျိုး
·
November 17, 2016
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေ လွှတ်တော်ရုံးအသီးသီးကို ရောက်ရှိနေတာကြာင့် သတိထားကြဖို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က သတိပေး ပြောကြားလိုက်ပါတယ်။
လွှတ်တော်နားထားတဲ့ကာလအတွင်း ပြည်ထောင်စုအဆင့်ရော တိုင်းဒေသကြီးအဆင့်ပါ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ဇာတ်လမ်းတွေကို ပြည်သူတွေ စိတ်ဝင်တစားရှိနေသလို မီဒီတွေကတဆင့် အများမသိရှိသေးသော်လည်း လွှတ်တော်ရုံးအသီးသီးကို တိုင်စာအဖြစ် ရောက်တာတွေရှိလို့ သတိထားကြဖို့လိုကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ သတိပေး ပြောကြားလိုက်တာပါ။
မှားခြင်း၊ မှန်ခြင်း၊ တရားဥပဒေနဲ့ ညီခြင်း မညီခြင်း၊ ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတွေဟာ ဓမ္မလမ်းကြောင်းအတိုင်းသာ ရှိရမှာဖြစ်ပေမယ့် ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ မဲဆန္ဒရှင်တွေရဲ့ အားကိုးရာ၊ မျှော်လင့်ရာ၊ ကိုယ်စားပြုရာတွေ ဖြစ်တယ်ဆိုတာကို အမြဲမပြတ် သတိပြုကြဖို့ တိုက်တွန်းလိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ လူမှုရေးအရှုပ်အရှင်းကိစ္စနဲ့ မအူပင်မြို့နယ်တွင်း လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း တရားစွဲဆိုမှုတွေဟာ ပြည်သူတွေအကြား စိတ်ဝင်စား အာရုံစိုက်မှုတွေ ဖြစ်ပေါ်ခဲ့သလို လေးမျက်နှာမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦး ဆန္ဒပြခံရတာတွေလည်း ရှိခဲ့ပါတယ်။