DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်ပေါ်က ဗုံးမသုံးဘဲ စက်သေနတ်ကိုသာ အသုံးပြုခဲ့ဟု ရှင်းလင်း
DVB
·
November 17, 2016
ရဟတ်ယာဉ်ပေါ်က ဗုံးမသုံးဘဲ စက်သေနတ်ကိုသာ အသုံးပြုခဲ့ဟု ရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်းမှာ ရဟတ်ယာဉ်ပေါ်က လက်နက်ကြီးတွေနဲ့ ဗုံးတွေ အသုံးမပြုခဲ့ဘဲ စက်သေနတ်ကိုသာ အသုံးပြုခဲ့ကြောင်း တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားလိုက်ပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်တွေအပေါ် တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းတဲ့ မေးခွန်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးက ရှင်းလင်းပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ဖြစ်စဉ်ဟာ အကြမ်းဖက်သောင်းကျန်းသူတွေက နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စတင်ထိပါးတာဖြစ်ကြောင်း၊ ရဟတ်ယာဉ်သုံးစွဲခဲ့ရတဲ့နေ့က အကြမ်းဖက်အင်အား ၈၃၀ ကျော်ခန့်က သုံးနေရာခွဲ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့လို့ တပ်မတော်အနေနဲ့ ပထမဦးစွာ အဓိကရုဏ်းနှိမ်နင်းရေးလက်နက် ရာဘာကျည်ဆံနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့လို့ တပ်ရင်းမှူးအဆင့်ရှိ တပ်မတော်အရာရှိ ထိခိုက်ခဲ့ရပါကြောင်း၊ အ၀ိုင်းခံထားရတာဟာ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်နိုင်ပြီး တပ်မတော်သားတွေ ထိခိုက်နိုင်တာကြောင့် ရဟတ်ယာဉ်စေလွှတ်ပြီး ဒဏ်ရာရတဲ့  တပ်မတော်စစ်ကြောင်းမှူးနဲ့ တပ်မတော်သားတွေကို ကယ်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးတွေ၊ ဗုံးတွေ အသုံးမပြုခဲ့ဘဲ ၇ ဒသမ ၆၂ ကျည်သုံး စက်သေနတ်ကိုသာ အသုံးပြုခဲ့ကြောင်း၊ တပ်မတော်ဟာ ဂျီနီဗာကွန်ဗင်းရှင်းက ချမှတ်ထားတဲ့အတိုင်း အတိအကျ လိုက်နာခဲ့တယ်လို့လည်း ပြောပါတယ်။

အလားတူ သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း မောင်တောဒေသဟာ ပဋိပက္ခ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အတွက် စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ရဟတ်ယာဉ်ကို အသုံးပြုရာမှာ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းသိမ်း သုံးစွဲခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းမှူး ထိခိုက်ခဲ့တဲ့အတွက် ရဟတ်ယာဉ်ကို ပထမဆုံး စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်မှာ  စက်သေနတ်အမျိုးအစားကိုသာ အသုံးပြုခြင်းဖြစ်ကြောင်း၊ ဒုံးကျည်၊ ဗုံးများ အသုံးပြုလို့ရသော်လည်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေဖို့ ကန့်သတ်သုံးခဲ့ခြင်းဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

မောင်တောနယ်ဒေသမှာ လူနေအဆောက်အဦတွေ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေဟာလည်း မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေက ပြောသွားပါတယ်။

ဒါ့အပြင် မောင်တောဒေသမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ရန်သူဟာ ယူနီဖောင်းဝတ်ပြီး တိုက်ခိုက်နေတာ မဟုတ်ပါကြောင်း၊ ရန်သူ့စခန်း ဘယ်နေရာမှာရှိတယ်ဆိုတာ အတိအကျ မပြောနိုင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ ချောင်းမြောင်းတိုက်ခိုက်ခံနေရပြီး လုံခြုံရေးအာမခံဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းနေစဉ် လက်နက်ငယ်တွေ၊ ဓားလှံ၊ မှိန်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့လို့ တပ်ဘက်က စစ်ကြောင်းမှူးတဦးလည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013