Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အကြမ်းဖက်မှုများရပ်တန့်အောင်ဆောင်ရွက်ရန် အမေရိကန်တိုက်တွန်း
DVB
·
November 17, 2016
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ လိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အဲလီဇဘက် ထရူဒဲက “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှု သတင်းတွေအရ ကျမတို့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိပါတယ်။ အဲ့ဒီဒေသက ဖြစ်ပေါ်တိုးတက်မှုတွေကို ယုံကြည်ရလောက်တဲ့ အချက်အလက်တွေ ရရှိဖို့နဲ့ အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒီရက်မှာလည်း သံအမတ်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာအစိုးရနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေပါတယ်။ ရခိုင်ပြည်နယ်ကို သံအမတ်ကြီး မာစီရယ်လ်နဲ့ တခြားကိုယ်စားလှယ်တွေ မကြာသေးခင်က သွားရောက်လေ့လာနိုင်ခဲ့တာဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ တိုးတက်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအတွက် အရေးကြီးတာကတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အဲ့ဒီဒေသမှာ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီတွေ ထောက်ပံ့ပေးရေးတွေ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့လည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးတွေဆောင်ရွက်ဖို့၊ သတင်းမီဒီယာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ ကိစ္စတွေကို အမေရိကန်ကိုယ်စားလှယ်တွေက အလေးထား တိုက်တွန်းကြောင်းလည်း ပြောပါတယ်။ အလားတူ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဘရောင်းဖီးလ်ဟာလည်း   ခုသီတင်းပတ်အတွင်း ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ကာ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အရေးကြီး ကိစ္စရပ်တွေဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေးနဲ့ တရားဥပဒေစိုးမိုးရေး စတာတွေကို ဆွေးနွေးဖို့ရှိနေပါတယ်။ ဒါ့အပြင် မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာစီရယ်လ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေဟာလည်း မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံကာ အမေရိကန်-မြန်မာ မိတ်ဘက်ဆက်ဆံရေး ကဏ္ဍသစ်နဲ့ စပ်လျဉ်းပြီး  ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ-အမေရိကန် မိတ်ဘက်ဆက်ဆံရေး ကဏ္ဍသစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထောက်ခံအားပေးရေး၊ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမြှင့်တင်ရေး စတာတွေမှာ နှစ်နိုင်ငံ လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024