Monday, May 29, 2023
HomeLead Storyမြန်မာ့ဘောလုံးရွှေခေတ်ပြန်ရောက်ရေး ကစားသမားများ စိတ်ဓာတ်ပိုင်း ပြုပြင်ရန်လို

မြန်မာ့ဘောလုံးရွှေခေတ်ပြန်ရောက်ရေး ကစားသမားများ စိတ်ဓာတ်ပိုင်း ပြုပြင်ရန်လို

မြန်မာ့ဘောလုံးလောက ရွှေခေတ်ကို ပြန်ရောက်ဖို့ဆိုရင် ကစားသမားတွေရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ပြုပြင်ဖို့လိုတယ်လို့ ရွှေခေတ်လက်ရွေးစင် ကစားသမားဟောင်းတွေက အကြံပေးလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ရဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးပူဇော်ပွဲကို နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး ရွှေခေတ်ဘောလုံးသမားဟောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရွေးစင်ကစားသမားတွေမှာ ဘောလုံးအထိန်းအသိမ်းကအစ လိုအပ်ချက်တွေ ရှိတယ်လို့ ရွှေခေတ်ဘောလုံးသမားဟောင်းတဦးဖြစ်သူ ဦးအေးမြင့်က ပြောပါတယ်။

“ဘောလုံးထိန်းသိမ်းမှုတွေ၊ Passing ပေးတာတွေ၊ Opening လုပ်တာလေးတွေ ဒါလေးတွေက နည်းနည်းလိုသေးတယ်လို့ ယူဆတယ်။ နေတာ၊ ထိုင်တာ၊ စားတာ သောက်တာ စည်းနဲ့ကမ်းနဲ့နေပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းက ဘာလဲ၊ ဘောလုံးကန်ရမယ်၊ ဘောလုံးကန်ရင် စားဝတ်နေရေး အဆင်ပြေမယ်။ အဲဒီတော့ ငါ ရွှေတံဆိပ်ရအောင်၊ မြန်မာ့ဂုဏ်ဆောင်ဖြစ်အောင် ကျနော်တို့လိုပဲ လုပ်ပေးရမယ်။”

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ အရင်တုန်းကလို ရွှေခေတ်ကို ပြန်ရောက်ဖို့ဆိုရင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကိုလည်း ပြုပြင်ဖို့လိုတယ်လို့ ၁၉၆၆ အာရှအားကစားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဦးအောင်ခင်က ပြောပါတယ်။

“စိတ်ဓာတ်ရေးရာ အင်အားကောင်းအောင် လုပ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တုန်းက Team က အလဲဗင်းပဲ၊ ဒါကြောင့် ဘားမားအလဲဗင်း၊ One Team လို့ ခေါ်တာ။ အဲဒီစိတ်ဓာတ်ကိုရောက်အောင် ပြန်လည်ပြီးမွေးမြူဖို့ လိုလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ယနေ့မှာ ကျနော်ဖတ်ရတဲ့အခါကျတော့ ဘယ်သူက ဘာဖြစ်တယ်၊ အရေးယူခံရတယ် ဆိုတာတွေက တွေ့နေရတယ်။ ကျနော်တို့တုန်းက အင်မတန်ကောင်းတဲ့ ကျနော်တို့ထက်ကောင်းတဲ့ပုဂ္ဂိုလ်တွေ တခါပဲ အရေးယူလိုက်တယ်။ နောက်တော့ အသင်းတသင်းလုံးက ညီညီညွတ်ညွတ်နဲ့။ ဒါကြောင့် အလဲဗင်းလို့ဆိုတယ်။”

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၇၀ ဝန်းကျင်အထိ အာရှအားကစားပြိုင်ပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခွင့် ရခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အာရှအဆင့်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရတာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular