Home မြန်မာသတင်း ဗေဒါသင်တန်း ရှမ်းပြည်နယ်တွင် ဖွင့်လှစ်
ဗေဒါသင်တန်း ရှမ်းပြည်နယ်တွင် ဖွင့်လှစ်
ပီတာအောင်
·
November 11, 2011
Bay Dar 3 ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးရာတွေ ဆွေးနွေးပို့ချမယ့် သင်တန်းတခုကို ဗေဒါသင်တန်းကျောင်းက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
ဒီသင်တန်းကို ဗေဒါသင်တန်းကျောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရှမ်းပြည်နယ်)တို့ ပူးပေါင်းပြီး တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် လောကမာန်အောင် ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတာပါ။
ဒီသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲ့ ဝင် ဒေါ်ခင်မိုးမိုးက ခုလို ပြောပါတယ်။
“ရှမ်းပြည်က ကလေးတွေက ပြည်မနဲ့စာရင် သင်တန်းတွေ ရန်ကုန်အထိ သွားတက်နိုင်ခွင့် မရခဲ့ဘူး။ ဒါကြောင့်မိုလို့ ကျမတို့က ရှမ်းပြည်က ကလေးတွေကို ပြည်ထောင်စုတဝှမ်းက ကလေးတွေနဲ့ အတူ အသိပညာတွေ ရစေချင်တဲ့ စေတနာနဲ့ ဒီသင်တန်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်အင်အားစုတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပါတယ်။”
ဒီသင်တန်းကို ရွှေညောင်၊ လွိုင်လင်၊ ဆီဆိုင်၊ နမ့်စန်၊ ရပ်စောက် စတဲ့ ရှမ်းပြည် တောင်ပိုင်းမြို့နယ်တွေက လူငယ် ၆၀ ခန့် တက်ရောက်နေကြတယ်လို့လည်း သင်တန်းစီစဉ်သူတွေက ပြောပါတယ်။
သင်တန်းအမည်ကို လူမှုအထောက်အကူပြုနှင့် ကွန်ရက်ဖွဲ့စည်းခြင်း လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲလို့ အမည်ပေးထားပြီး သင်ကြားပို့ချမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဗေဒါသင်တန်းကျောင်းရဲ့ ညွန်ကြားရေးမှူး ကိုမျိုးရန်နောင်သိမ်းက ခုလိုရှင်းပြပါတယ်။
“အရပ်ဘက်လူမှုအဖွဲ့အစည်းကို ဘယ်လိုဖွဲ့စည်းမလဲ၊ Networking ဘယ်လိုချိတ်မလဲ၊ ဒီမိုကရေစီရေးရာ အကြောင်းအရာတွေပေါ့။ လူ့အခွင့်အရေးတို့၊ အမျိုးသမီးအခွင့်အရေးတို့၊ ကလေးသူငယ်အခွင့်အရေးတို့ အဲဒီ အခွင့်အရေးတွေ အကြောင်းကို ရှင်းပြတယ်။ ပြီးတော့ အဖွဲ့အစည်းတွေ ဘယ်လို ဖွဲ့စည်းတယ်။ အဖွဲ့အစည်းကို ဘယ်လိုမျိုး ကြီးထွားလာအောင် ဘယ်လို ဆောင်ရွက်လဲ။ အဲဒီလိုမျိုး အကြောင်းတွေကို ၅ ရက်သင်တန်း ပို့ချပါတယ်။”
ဗေဒါသင်တန်းကျောင်းတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီကွန်ရက်ရဲ့  အစ်ီအစဉ်တခုလည်းဖြစ်ပါတယ်။
လတ်တလော ရန်ကုန်နဲ့  မန္တလေးမြို့တွေမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး လူငယ်တွေရဲ့ စွမ်းရည် မြှင့်တင်ရေးသင်တန်းတွေနဲ့ လူမှုရေးနဲ့ နိုင်ငံရေးသိပံ္ပ ဘာသာရပ်တွေကို ပို့ချသင်ကြားပေးနေတာပါ။
ဆက်စပ်သတင်းများ