ဆယ်ရက်အတွင်း ကလေး ၂ ကြိမ် မွေးဖွားခဲ့သည့် အမျိုးသမီး

1.5K
သြစတြေးလျနိုင်ငံမှ အမျိုးသမီးတဦးဟာ ၁၀ ရက်အတွင်းမှာ ကလေး ၂ ကြိမ် မွေးဖွားခဲ့တဲ့ ဖြစ်ရပ်ဟာ တကယ့်ကို အံ့သြစရာ ဖြစ်ရပ်တခုပါပဲ။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ ဖြစ်ခဲ့ပြီး မွေးဖွားလာတဲ့ ကလေး ၂ ဦးစလုံးဟာ မိန်းကလေးတွေ ဖြစ်ကြပါတယ်။
မိခင်ဖြစ်သူ ကိတ်ဟေးလ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက သားဥအိမ်တွင်းမှာ မျိုးဥ မတည်နိုင်တဲ့ရောဂါ (Polycystic Ovary Syndrome) ဖြစ်နေခဲ့တဲ့အတွက် ဟော်မုန်းကုထုံးနဲ့ ကုသခဲ့ပြီးနောက်မှာမှ ကိုယ်ဝန်ဆောင်နိုင်ခဲ့တာပါ။
အမြွှာညီအစ်မ ၂ ဦးဖြစ်တဲ့ ရှားလော့တ်နဲ့ အိုလစ်ဗီယာတို့ဟာ ကွဲပြားခြားနားတဲ့ အရွယ်အစား၊ ကိုယ်အလေးချိန်တွေနဲ့ အချိန် ၁၀ ရက်ခြားပြီး မွေးဖွားလာခဲ့တာပါ။
“ကျမတို့ ကလေးတွေ မွေးမလာခင်အချိန်ထိ ခုလို ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ တကယ်မသိခဲ့ပါဘူး”လို့ ကိတ်ဟေးလ်က သြစတေးလျ ဆဲဗဲင်းနက်ဝါ့ခ် (Seven Network) သတင်းကို ပြောခဲ့ပါတယ်။
သာမာန်အားဖြင့် ကိုယ်ဝန်ဆောင်တဲ့ ဖြစ်ရပ်မှာ မမျိုးဥကြွေချိန်ဟာ ရာသီစက်ဝန်းအလိုက် ရပ်တန့်သွားတာဖြစ်ပေမယ့် ဆေးပညာအရ Superfetation လို့ ခေါ်တဲ့ ဒီဖြစ်ရပ်မှာတော့ မမျိုးဥတွေကို ဆက်လက်ခွင့်ပြုပေးနေခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့ ပီတာဟေးလ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး “တချက်တည်း ကျင်းဝင်သွားတာ ဖြစ်နိုင်ပါတယ်” လို့ ရယ်သွမ်းသွေးပြောလိုက်ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ သားဖွားမီးယပ်ဆိုင်ရာ ဆရာဝန် ဘရက်ဒ် အမ်းမ်စထရောင်းက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှတဆင့် ဆေးကုသမှုဆိုင်ရာ သုံးသပ်ချက်တွေကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် လုံးဝမရှိဖူးတဲ့ ဖြစ်ရပ်တခု ဖြစ်နေတယ်လို့ ဆိုပါတယ်။