DVB Logo
Home
မေးမြန်းခန်း
ကျနော် လုပ်ပိုင်ခွင့်မရှိတော့ ကျေနပ်မှု မရှိဘူး (သစ်တောရေးရာဝန်ကြီးနှင့် မေးမြန်းချက်)
DVB
·
November 10, 2011
Donate to DVB

ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို  ချင်းပြည်နယ် မြို့တော်ဟားခါးမှာ နိုဝင်ဘာ ၈၊ ၉ ရက်နေ့တွေက ကျင်းပခဲ့ရာ အစည်းအဝေး ကြာချိန် နှစ်ရက် စုစုပေါင်း ၇ နာရီပဲရပြီး ချင်းပြည်နယ်ရေးရာ ကိစ္စတွေ ဆွေးနွေးဖို့ အချိန်မလုံလောက်တဲ့အတွက် ချင်းလွှတ်တော်အမတ်တွေ မကျေမနပ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းကတော့ လွှတ်တော်အစည်းအဝေးနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လုပ်ပေးနိုင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုပေးနိုင်တာပဲ ရှိပြီး သူ့အနေနဲ့ လုပ်ပိုင်ခွင့် မရှိတော့ ကျေနပ်မရှိဘူးလို့ ပြောပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီး ဦးကျော်ငြိမ်းကို ကိုမင်းလွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဝန်ကြီးတို့ သစ်တောရေးရာ ကိုင်ရတဲ့အခါကျတော့ အခြေအနေ ဘယ်လိုများ ထူးခြားလဲခင်ဗျ။ ဘာတွေ လုပ်ဖြစ်ခဲ့လဲ။

“ကျနော်တို့ ပထမ ၆ လတော့ ပြည်ထောင်စုက ကိုင်တယ်၊ ၆ လနောက်ပိုင်း ၇ လ အောက်တိုဘာက စမှ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပေးမယ်ဆိုပြီးမှ ပြောထားတယ်။ သို့သော်လည်းပဲ အခုထိ ကျနော်တို့ ပြည်ထောင်စုက ချမပေးသေးပါဘူးခင်ဗျ။”

အဲဒါဆို ချင်းပြည်နယ် သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးပဲ လုပ်နေတဲ့ သဘောပေါ့ အဲဒီလို ပုံစံလား။

“ဟုတ်ပါတယ်ခင်ဗျ ညွှန်ကြားရေးမှူးကပဲ ဦးဆောင်နေတာ အခု လောလောဆယ်တော့။”

အခု အဲဒါဆို ပုံမှန်ဆိုရင် ဘာတွေ လုပ်ပေးရသေးလဲ သူတို့ကို သွားပြီး ကြည့်ရတာမျိုးတွေ ရှိသေးလား။

“အဲဒါတော့ ရှိပါတယ် ကျနော်တို့က ကျနော်တို့ မိုးရာသီတုန်းက စိုက်ထားတဲ့ စိုက်ခင်းတွေ လက်ဘက်စိုက်ခင်းတွေ၊ နောက် ကျနော်တို့ ဆင်းရဲနွမ်းပါး လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာ ကျနော်တို့ စီမံချက်တွေ ထည့်ထားပါတယ်။ အဲဒီစီမံချက်တွေကို ကျနော်တို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လုပ်ရမယ့် စီမံချက်တွေ ဆွဲထားပါတယ်။ အဲဒါ ကျနော်တို့က လူထုကို နားလည်သဘောပေါက်အောင် လူထုကလိုက်လျောမှသာလျှင် ဘယ်အရာမဆို အောင်မြင်မယ်ဆိုတာ ကျနော် ခံယူထားပါတယ်။ ဒါကြောင့် လူထုကို ကျနော်တို့က စည်းရုံးပါတယ်။ သစ်တော့ဥပဒေအရ ဘာဥပဒေအရ ဘယ်လောက်ပဲ လုပ်လုပ် ကျနော်တို့က အဲဒီ စည်းကမ်းဥပဒေကို မလိုက်နာလို့ရှိရင် ဘာမှ အောင်မြင်မှု ရှိမှာ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်ကို ထိန်းသိမ်းဖို့၊ ကိုယ့်ပြည်နယ်ကို တိုးတက်ဖို့ လုပ်တဲ့ နေရာမှာ ဥပဒေတင် မဟုတ်ဘူး ကျနော်တို့ ဒေသခံတွေက တကယ့်တကယ် ကြိုးစားပမ်းစားနဲ့ လုပ်မှသာလျှင် အောင်မြင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ ဒေသတိုင်းရင်းသားတွေက မိမိအသိနဲ့ ထိန်းသိမ်းကြဖို့ ကျနော်တို့ အမြဲတမ်း ကျနော် ဟောပြောပေးပါတယ်။”

အဲဒါဆို ဝန်ကြီးနဲ့ လုပ်တဲ့အခါကျတော့ ပြည်ထောင်စု အစိုးရရဲ့ သစ်တောဦးစီးဌာနနဲ့ရော ပူးတွဲ ဆောင်ရွက်လို့ ရတာမျိုးတွေရော ရှိလား။

“အဲဒါ တိုက်ရိုက်အဆက်အသွယ်တော့ မရဘူးခင်ဗျ လောလောဆယ်။”

အဲဒါဆို ဥပမာ ဝန်ကြီးက ဝန်ကြီးဘာသာလုပ်၊ ကျန်တဲ့ ပြည်နယ်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးက သူ ပုံမှန်လုပ်တဲ့ အလုပ်ကို သူလုပ်တဲ့ သဘောဖြစ်နေတာပေါ့။

“ကျနော်က လိုအပ်လို့ရှိရင် သူတို့ကို ခိုင်းပါတယ်ခင်ဗျ။”

နောက်တခုက ပြည်နယ်ညွှန်ကြားရေးမှူးနဲ့ ဝန်ကြီးနဲ့ရော အမြဲတမ်း တွေ့ဖြစ်လား။

“တွေ့ပါတယ်ခင်ဗျ၊ အချိန်မရွေး ရပါတယ်။”

နောက်တခုက ဝန်ကြီး အစိုးရအနေနဲ့ ဒါမှမဟုတ် ပြည်နယ်အစိုးရ အနေနဲ့ ဘာတွေ လုပ်ပေးထားတာ ရှိလဲခင်ဗျ။

“အဲဒါ ကျနော်တို့ ပထမတကြိမ် ကျနော်တို့ ဝန်ကြီးဌာနချုပ်က သိန်း ၂၀ ပေးပါတယ်။ အဲဒီတကြိမ်ပဲ ရပါသေးတယ်။ တနှစ်အတွင်းမှာ အခုလောလောဆယ်အထိ နောက်ထပ်မရသေးဘူး။ ကျနော်တို့ ရတာက ရေအခမဲ့ ရတယ်၊ မီးအခမဲ့ ရတယ်၊ အိမ်အခမဲ့ နေလို့ ရတယ်။ လောလောဆယ်တော့ သီးသန့်ချပေးတယ် ကျနော်တို့ကို။ ဝန်ကြီးတွေ ဒီမှာ တိုက် ၉ လုံးတန်းမှာ နေရတယ်။ တချို့ အိမ်ရှိတဲ့ ဝန်ကြီး ၃ ပါးကတော့ မြို့ထဲမှာ နေပါတယ်။ ကားက ရုံးတက်ဖို့ ကားတစီး၊ အိမ်သုံးကားတစီး ပေးထားပါတယ်။”

အဲဒါ ဝန်ကြီးတယောက်ကို ကား ၂ စီးပေးတဲ့ သဘောပေါ့။

“ဟုတ်ကဲ့ပါ။ စက်မှု ၂ ထုတ်တဲ့ကားပေါ့။ အဲဒီကားတွေက အသစ်ပါ။”

အဲဒါဆိုတော့ တယောက်ကို ကား ၂ စီးပေးတော့ ဒရိုင်ဘာကလည်း ၂ ယောက်ပေါ့။

“ဟုတ်ပါတယ်ခင်ဗျ။”

နောက် သူတို့ စက်သုံးဆီနဲ့ ပတ်သက်တာရော ဘာတွေ ထောက်ပံ့တာ ရှိလဲ။

“စက်သုံးဆီက တလကို ဂါလန် ၆၀ ပေးပါတယ်ခင်ဗျ။”

အဲဒီလိုဆို ဝန်ကြီးတို့အနေနဲ့ သုံးရတာ ဘယ်လိုအနေအထားရှိလဲ။

“ဆီတော့ လောက်ပါတယ်ခင်ဗျ။ ကျနော်တို့က မြို့ကြီးလို့ သွားဖို့နေရာ သိပ်မရှိဘူးလေ။“

နောက်တခုက ကျေးရွာတွေ၊ နယ်တွေမှာ လိုက်ပြီးတော့ သစ်တော ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လိုက်လုပ်တာမျိုးဆိုရင် နယ်ခံတွေ ရွာသားတွေကရော ဘယ်လိုအနေအထား ရှိလဲ။

“အဲဒါကတော့ ကျနော်တို့ လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လူထုကလည်း လက်ခံပါတယ်ခင်ဗျာ။”

နောက်တခုက ချင်းပြည်နယ် တချို့နေရာတွေမှာ သစ်ထုတ်လုပ်တဲ့ ကိစ္စမျိုးတွေ ရှိတယ်။ တကယ်လို့ ဥပမာ ဝန်ကြီးတို့အနေနဲ့ သစ်တော့ပြုန်းတီးမှာ ကြောက်လို့ မထုတ်တော့တာမျိုး လုပ်တာမျိုးရော ရှိလား၊ လုပ်မယ့် စီမံချက်မျိုးရောည ရှိလား ရေရှည်မှာပေါ့။

“အဲဒါတွေက သစ်တောထုတ်တာတွေမှာ ကျနော်တို့ ကလေးမှာ ထုတ်တဲ့ သစ်ထုတ်လုပ်ရေး ရှိပါတယ်။ ကျနော်တို့ ချင်းပြည်နယ်က သစ်တာက ထုတ်တာလေ။ အဲဒါကိုကျတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရက တာဝန်ယူထားပါတယ်။”

ကျန်တဲ့နေရာတွေရော မင်းတပ်တို့ ဘာတို့။

“မင်းတပ်၊ ကန်ပတ်လက်တွေကလည်း ကျနော်တို့ မကွေးတိုင်းက တာဝန်ယူထားတယ်။ ဒီဘက်က ဟာခါးရယ်၊ ဖလန်းရယ်၊ တီးတိန် ကျတော့ စစ်ကိုင်းတိုင်းက တာဝန်ယူထားတယ် သစ်ထုတ်ရေးက။”

ဝန်ကြီးတို့ သစ်တောတွေ ပြန်စိုက်ဖို့အတွက် ဘာဂျက်ရော သီးသန့် ပေးထားတာ ရှိလား။ ဥပမာ ဘယ်လောက်ရှိလဲ သစ်တောဌာနအတွက်ကို။

“အဲဒါ အခုလောလောဆယ် ကျနော် ဝန်ကြီးလုပ်တဲ့အချိန်ထိတော့ ဘာမှ ခွင့်ပြုချက် မရသေးဘူးခင်ဗျ။”

ဝန်ကြီးဌာနရှိပြီး ဘက်ဂျက်မရှိဘူး ဆိုတဲ့အခါကျတော့။

“အဲဒါ ကျနော်က အခုသစ်ထုတ်လုပ်ရေးအဖွဲ့တွေကို သစ်ထုတ်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေကို ကျနော် ခေါ်ပြီးတော့မှ ခင်ဗျားတို့က ချင်းပြည်နယ်က သစ်တွေ ထုတ်သွားတယ် ပြန်မစိုက်ဘူးဆိုတာ မဖြစ်ရဘူး။ ခင်ဗျားတို့ ပြန်စိုက်ပေးမှာလား၊ မစိုက်ဘူးလားဆိုတာ ကျနော်က ခေါ်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့အစီအစဉ် ရှိပါတယ်။”

ပြည်နယ်အစိုးရကနေပြီးတော့ သီးခြားလုပ်မယ့် အနေအထားမျိုးပေါ့။

“ဟုတ်ကဲ့ပါခင်ဗျ ကျနော်တို့ ကြိုးစားနေပါတယ်။”

ဝန်ကြီး အနေနဲ့ တခြားဘာများပြောစရာ ရှိပါသေးလဲ။

“ကျနော် လုပ်ပိုင်ခွင့်မရှိတော့ ကျေနပ်မှု မရှိဘူးပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013