DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် လွှတ်တော် အချိန်နည်းသဖြင့် ချင်းအမတ်များဝေဖန်
DVB
·
November 10, 2011
Donate to DVB

ချင်းပြည်နယ် မြို့တော်ဟားခါးမှာ ၂ ရက် ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေးကို လွှတ်တော် ကိုယ်စားလှယ်တချို့က အချိန်နည်းလွန်းလို့ ကျေနပ်အားရမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို  နိုဝင်ဘာ ၈၊ ၉ ရက်နေ့တွေက ကျင်းပခဲ့ရာ အစည်းအဝေးကြာချိန် နှစ်ရက် စုစုပေါင်း ၇ နာရီပဲရပြီး ချင်းပြည်နယ်ရေးရာ ကိစ္စတွေ ဆွေးနွေးဖို့ အချိန်မလုံလောက်တဲ့အတွက် ချင်းလွှတ်တော်အမတ်တွေ မကျေနပ်ဖြစ်ခဲ့ကြတာပါ။

ချင်းတိုးတက်ရေးပါတီ ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ က  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်းဆိုက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြတဲ့ မေးခွန်းပေါင်း ၂၃ ခုကို သက်ဆိုင်ရာ ပြည်နယ် အစိုးရက ပြန်လည်ဖြေကြားခဲ့ပေမယ့် စိတ်ကျေနပ်တဲ့အဖြေကို မရခဲ့သလို ပြန်လည်ဆွေးနွေးဖို့ အချိန်လည်း မပေးခဲ့ဘူးလို့ ပြောပါတယ်။

“အဆိုလည်း ဘာမှ မရှိဘူး။ မေးခွန်းမေးတာလောက်ပဲ ရှိပါတယ်ခင်ဗျ။ သူတို့က ဥပဒေလမ်ကြောင်းနဲ့ပဲ ဖြေတယ်။ များသောအားဖြင့် ကိုယ်စားလှယ်တွေ မေးတဲ့ မေးခွန်းတွေကတော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့် ဘယ်လိုရှိလဲ၊ လုပ်ခွင့်ရှိတယ် ဆိုတဲ့အဖြေမျိုးကို သူတို့က လိုချင်ကြတယ်။ ဥပဒေ လမ်းကြောင်းထက် သူက လုပ်ပိုင်ခွင့်ကို ဘယ်လိုအသုံးချလို့ ရတယ်ဆိုတဲ့  အပိုင်းကို သူတို့က လိုချင်ကြတယ်။ တဝက်တပြက်တော့ ကျေနပ်မှုရတာပေါ့ဗျာ။ လုံးဝ စံထားလောက်အောင်တော့ မဖြစ်ဖူးပေါ့ အဲဒီလိုပဲ မြင်တယ်။”

ချင်းပြည်နယ်လို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ကိုယ်စားပြုပြီး အခက်အခဲတွေ တင်ပြဖို့ရာမှာ တလ နှစ်လလောက်တော့ အချိန်ယူချင်တယ်လို့ ဦးနန်းဆိုက်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးတဲ့ ၀န်ကြီးတွေ အနေနဲ့လည်း လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိတဲ့အတွက် ဆုံးဖြတ်ချက် မပေးနိုင်ဘဲ ယေဘုယျ အဖြေတွေသာ ဖြေခဲ့ကြတယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောပါတယ်။

ချင်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းကလည်း လွှတ်တော်အစည်းအဝေးနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လုပ်ပေးနိုင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုပေးနိုင်တာပဲ ရှိတယ်လို့ ပြောပါတယ်။

“ကိုယ်ပြောချင်တာ ပြောလို့မရ၊ ကျနော်တို့ ဝန်ကြီးကလည်း မေးခွန်း မေးလို့မရ၊ ကျနော်တို့က တင်ပြခွင့် မရှိတော့ တင်ပြခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်က အကြံပြုစာပေးမယ်။ ပေးမှ ကျနော်က ဖြေရမှာ။ အခု ကျနော်တို့ကိုမေးတယ်၊ မေးတဲ့အချိန်မှာလည်းပဲ ကျနော်တို့က ရတိပြတ်အဖြေကို ပေးလို့မရဘူး။ ကျနော်တို့မှာက ပြည်နယ်အစိုးရမှာကလည်းပဲ လုပ်ပိုင်ခွင့်က အခုကလည်းပဲ ဘယ်ဌာနမှ လုပ်လို့ မရသေးဘူးပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်က ကျေနပ်မှု မရှိဘူးလို့ ကျနော် ပြောတာပါ။”

ဒီတကြိမ် ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ချင်းတိုင်းရင်းသား ကိုယ်စားပြုပါတီက အမတ်ပေါင်း ၁၀ ဦး၊ တိုင်းရင်းသားလူမျိုးစု ဖွံ့ဖြိုးရေးပါတီက တဦး တက်ရောက်ပြီး  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ် ကိုယ်စားလှယ် စုစုပေါင်း ၁၃ ဦး တက်ရောက်ပါတယ်။

လွှတ်တော်အမတ်တွေက ချင်းပြည်နယ် ရန်ပုံငွေတွေအတွက် အစိုးရဆီက သိန်း ၂၅၀ တောင်းဆိုခဲ့ကြတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013