DVB Logo
Home
မြန်မာသတင်း
ကျောင်းသားအချို့ ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေး
DVB
·
November 10, 2011
Donate to DVB

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ကျောင်းသားအရွယ်ကလေးတချို့ ပျောက်ဆုံးနေတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေက ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။

ဒဂုံမြို့သစ် မြို့နယ်တွေ အပါအ၀င် မြို့နယ်တချို့မှာ ကျောင်းသားအရွယ် ကလေးတွေ ပျောက်ဆုံးနေတာပါ။

ကျောင်းသားတွေ ပျောက်ဆုံးနေတဲ့အကြောင်း  မိဘတွေက အကူအညီတောင်း အကြောင်းကြားထားတာ သုံးဦးရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်က ရုံးတာဝန်ခံ ဦးမျိုးထွန်းက ပြောပါတယ်။

“၂၀ ရက်၊ ၉ လ၊ ၂၀၁၁ ခုပေါ့နော်။ အဖေနာမည်က ဦးသိန်းဝင်း၊ ပျောက်သွားတဲ့ ကလေးက အောင်ကျော်ဖြိုးတဲ့။ ၈ ရက်၊ ၉ လ၊ ၂၀၁၁ မှာ ပျောက်တာ။ အသက်က ၁၈ နှစ်ကျော်၊ သင်္ချာ ဒုတိယနှစ် ကျောင်းကနေ အပြန်မှာ ပျောက်သွားတယ်။

“နောက်တဦးက တောင်ဥက္ကလာ ၉ ရပ်ကွက်က အဖေနာမည်က ဦးအောင်ခင်ထွန်း၊ ကလေးနာမည်က ကိုကိုဟိန်း ခေါ် ဖိုးသင်္ကြန်တဲ့။ အသက်က ၁၂ နှစ်၊ အထက ၅ တောင်ဥက္ကလာ ၇ တန်းကျောင်းသား။ သူက မနက်ဘက်ကို ၇ နာရီ ၁၅ လောက်။ ၄ ရက်၊ ၉ လ၊ ၂၀၁၁ တနင်္ဂနွေနေ့ မုန့်သွားထွက်ဝယ်စားရင်းနဲ့ ပျောက်သွားတယ်ခင်ဗျ။

“နောက် ကျောင်းသူလေး တယောက်ပေါ့နော် သူကတော့ ပြန်တွေ့သွားတယ်ခင်ဗျ။ မစုလဲ့လဲ့ဝေတဲ့ အသက်က ၁၉ နှစ်၊ ဒုတိယနှစ် စီးပွားရေး တက္ကသိုလ်ခင်ဗျ။ သူကလည်း အဲဒီလိုပဲ ကျောင်းကနေ ပြန်လာပြီးတော့ ပျောက်သွားတယ် ဆိုပြီးတော့ ပြောတယ်။ နောက်ကျတော့ ပြန်တွေ့ပြီ ဆိုပြီးတော့ သူ့အကိုကနေ ကျနော်တို့ကို လာပြီး ပြန်အကြောင်းကြားတယ် ခင်ဗျ။”

သားဖြစ်သူ မောင်အောင်ကျော်ဖြိုး ပျောက်ဆုံးနေတာ သုံးလ ကြာသွားပြီဖြစ်လို့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားထားတယ်လို့ သုဝဏ္ဏ နှင်းဆီကုန်းရပ်ကွက်၊ အောင်တံခွန်လမ်းနေ ဦးသိန်းဝင်းက ပြောပါတယ်။

“ရဲစခန်းကတော့ အားနေရင် ကျနော့်ကို ဒါပဲ လှမ်းလှမ်းမေးနေတာ။ ဘာသတင်းရလား၊ ဘယ်ကသတင်းရလဲ ကျနော့်လာမေးနေစရာ မလိုဘူး။ ကျနော်ပဲ သတင်းရသလား။ ကျနော်တို့လည်း ရှာပါတယ်ဗျာတဲ့။ ကျနော်တို့ကို အပေါ်က အပေါ်က အရမ်းထုနေတယ်တဲ့ ကျနော်တို့လည်း အပြင်မှာ ရှာပါတယ် မတွေ့ဘူးဘာညာ ပြောတာပေါ့လေ သူတို့က။ နေဗျာလို့။ ဒါတွေက ကိုယ့်ဟာ့ကိုယ် ရှာရမလို ဖြစ်သွားပြီလို့။ ခင်ဗျားလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။ ကျနော်လည်း အဲဒီအတိုင်းတော့ ပြောခဲ့လိုက်တယ်။”

သားပျောက်ဆုံးတဲ့ကိစ္စကို ရဲစခန်းအပြင် အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့ကို တိုင်ကြားထားတယ်လို့လည်း ပြောပါတယ်။

သက်ဆိုင်ရာ သုဝဏ္ဏရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ    “ကျနော်တို့က ပြောခွင့် မရှိပါဘူးနော်။ ပြောခွင့်မရှိလို့ပါနော်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ကလေးပျောက်တိုင်ကြားတာကို ဆောင်ရွက်ပေးခြင်း မရှိတဲ့ ရဲစခန်းတွေကို ထိရောက်စွာ အရေးယူသွားမယ်၊ ကလေးပျောက်တာရှိရင် သူ့ကိုလည်း လာပြောနိုင်တယ်၊ တွေ့အောင်ရှာပေးမယ်လို့ ပြောတဲ့အကြောင်း နိုဝင်ဘာ ၈ ရက်နေ့ထုတ် ဖလားဝါးနယူးစ်ဂျာနယ်မှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရန်ကုန်မြို့ မြို့နယ်တချို့မှာ ကလေးပျောက်ဆုံးမှုတွေ၊ ဖြားယောင်း သွေးဆောင် ခေါ်ယူသွားမှုတွေ ဖြစ်ပွားနေတဲ့အကြောင်း၊ ဂျာနယ်တွေမှာ ကလေးပျောက်တယ် ဆိုတာ ကောလာဟလတွေ ဖြစ်တယ်ဆိုလို့ မိဘတွေအနေနဲ့ ဘာကိုယုံရမလဲ မသိတော့တဲ့ အကြောင်း၊ ဒါကြောင့် ကလေးပျောက်သတင်းတွေကို သတင်းစာတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်ကနေ မိဘတွေ စိတ်အေးရအောင် သိသင့်သိထိုက်တာတွေ ဖော်ပြပေးစေချင်တဲ့ အကြောင်း သတင်းဖော်ပြထားတာ တွေ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013