DVB Logo
Home
မြန်မာသတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်
DVB
·
November 10, 2011
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စ အဖြေမထွက်သေးခင်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကတော့ ​ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။

လစ်လပ်နေတဲ့ လွှတ်ကိုယ်စားလှယ်​ ​နေရာတွေမှာ အစားထိုး ရွေးချယ်ဖို့အတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တနေရာမှာပဲ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်က လစ်လပ်နေတဲ့  အလုပ်သမားဝန်ကြီး ဦးအောင်ကြည်​ ​နေရာမှာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ​ တဦးတည်း ပါတီကိုယ်စားပြု ယှဉ်ပြိုင်မှာလို့ ပါတီရဲ့အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ် ။

ဒါပေမယ့် သူကိုယ်တိုင်ကတော့ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ် မရှိတဲ့အကြောင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲကျမှ အားလုံးဝင်ပြိုင်မယ်လို့ ပြောပါတယ်။

“ကျမက ဘာလို့ မဝင်လဲဆိုရင် ငွေရေးကြေးရေး အခြေအနေကြောင့် ဝင်မပြိုင်တာ။ အရင်အခေါက်တုန်းကလည်း ကျမတို့က ကမန်းကတန်းနဲ့ လုပ်ရတယ်။ ပြီးတော့ ကျမတို့ပါတီက အသစ်ဆိုတော့ ရန်ပုံငွေ အင်အားမတောင့်ဘူး။ အားလုံးက ကိုယ့်စရိတ်နဲ့ကိုယ် ရွေးကောက်ပွဲ ဝင်ကြရတာလေ။ အဲဒီအချိန်တုန်းက ရွေးကောက်ပွဲအတွက် တင်ရတဲ့ငွေရော၊ စည်းရုံးရေကာလမှာ ကုန်ကျတဲ့ငွေတွေက ကျမတို့က သိပ်မလွယ်ဘူး။ အခုမှ တနှစ်ပဲ ရှိသေးတော့။ ကျမတို့က ၂၀၁၅ ကိုတော့ အကုန်လုံးလိုလို မှန်းထားကြပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက   ရှုံးနိမ့်ခဲ့ရတဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီး​ ​ရွေးကောက်ပွဲအတွက်  ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့​ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျနော်တို့ဘက်ကလည်း အများကြီးချို့ယွင်း တာတွေ ရှိတယ်လေ။ ကိုယ်မှ မလုပ်နိုင်ဘဲ။ အထူးသဖြင့် ရွေးကောက်ပွဲမှာ မဲရုံကိုယ်စားလှယ်တွေတောင် အပြည့်အဝ မထားနိုင်ဘူး။ သင်တန်းတွေလည်း မပေးနိုင်ဘူး။ အဲဒါတွေက ကိုယ့်ဘက်က ချို့ယွင်းတာတွေ အခုပြင်ရမှာပေါ့နော်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျနော်တို့မှာ မဲစာရင်းတောင် မရှိဘူး။ ပြည်သူတွေကတော့ အားပေးကြတယ်။ ကိုယ့်ဘက်က ချို့ယွင်းတော့ လိမ်လို့ ရသွားတာပေါ့ဗျာ။”

၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲရုံတွေမှာ ကြိုတင်မဲပြဿနာနဲ့ မဲရေတွက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဝေဖန်မှုတွေ အတော်များများ ထွက်ပေါ်ခဲ့တာပါ။

၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ၃ ဦး အနိုင်ရရှိခဲ့ပါတယ်။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ်ဆိုရင်တော့ ကြိုဆိုတဲ့အကြောင်း ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတာ တနှစ်ကြာတဲ့တိုင် ကြားဖြတ်ရွေးကောက်ပွဲတွေ မကျင်းပနိုင်သေးသလို ကျင်းပမယ့် နေ့ရက်ကိုလည်း ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ရှိတဲ့ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာလောက် ရှိမယ်လို့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013