Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် မိကျောင်းအန္တရာယ်ကြောင့် ဒေသခံများထိတ်လန့်နေ
DVB
·
November 14, 2016
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အောက်ပိုင်းက မြစ်ကမ်းဘေးမှာ နေထိုင်သူတွေဟာ မိကျောင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါတယ်။ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မိကျောင်းတွေကို ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ သဘာဝအတိုင်း ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီမိကျောင်းတွေဟာ ကျွန်းပြင်ပက မြစ်၊ ချောင်းတွေဆီ ရောက်ရှိလာလို့ လူတွေကို အန္တရာယ်ပြုနေတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း လှေလုံးကွဲကျေးရွာက တံငါသည်တဦးဟာ မိကျောင်းကိုက်ခံရတဲ့အပြင် ကျေးရွာတွေက မွေးမြူထားတဲ့ ဝက်၊ ခွေး စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ မိကျောင်းတွေက ကိုက်ယူစားသောက်တာတွေ ရှိနေပါတယ်။ လှေလုံးကွဲကျေးရွာမှ မိကျောင်းကိုက်ခံရသူ ဦးစောနောင်က “လှေဆိပ်မှာ လှေထားရင်း ရေဆင်းပက်ရင်းနဲ့ ကိုက်ဆို ပေါင်ကို ပြေးဆွဲတော့ ပါသွားတာ။ ပါသွားပြီးတော့ နှစ်ပတ်လောက် လှိမ့်တယ်။ ကျနော်က လက်နဲ့တွန်းပြီးတော့ ခြေထောက်တဘက်နဲ့ ကန်လိုက်တာ။ ကန်လိုက်ပြီးတော့ ရေလေးနဲ့ မှေးတက်လာတော့၊ လတာကို ခြေတလှမ်းလောက်ပဲ တက်နိုင်သေးတယ်။ ကုန်းပေါ်ကလူတွေက အော်လို့၊ လာပွေ့သွားလို့ အဲဒီလို အသက်ရှင်တာပါ” လို့ ပြောပါတယ်။ တောင်ယာကြီးကျေးရွာမှ မိကျောင်းကိုက်ချီသွားတာကို မျက်မြင်တွေ့ခဲ့သူတဦးဖြစ်သူ ဦးစိုးဝင်းကလည်း “ဦးလှငွေ သားလေးကို အကိုက်ခံရတယ်။ ကလေးကိုကိုက်တာ။ ကျနော်တို့ ရင်ထုမနာခံစားရတယ်” လို့ ပြောပါတယ်။ မိကျောင်းတွေကို မိန်းမလှကျွန်း ဘေးမဲ့တောအတွင်း ၁၉၉၀ နောက်ပိုင်းက စတင်ကာ သဘာဝအတိုင်း ထိန်းသိမ်းထားပြီး ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ပါက ဒဏ်ငွေ ၃ သောင်းကနေ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာပါ။ လူတွေ သစ်တောကြိုးဝိုင်းအတွင်း တိုးချဲ့လာတာကြောင့် သစ်တောပြုန်းတီးကာ မိကျောင်းတွေအတွက် နေစရာ ရှားပါးလာသလို ငါး၊ ပုစွန်တွေကို အလွန်အကျွံ ဖမ်းဆီးတာတွေကြောင့် မိကျောင်းတွေအတွက် အစာရေစာ ရှားပါးလာတဲ့အတွက် အခုလို လူကို အန္တရာယ်ပြုလာတာလို့ဒေသခံတွေက ဆိုပါတယ်။ မိန်းမလှကျွန်း ဘေးမဲ့တောအတွင်းမှာ စစ်တမ်းကောက်ယူထားမှုအရ မိကျောင်းကောင်ရေ ၃၀ ကျော် ရှိနေပြီး အကြီးဆုံးမိကျောင်းဟာ ၁၈ ပေလောက်အထိ ရှိနေပါတယ်။ လူတွေ မိကျောင်းဆွဲခံရတာ နှစ်စဉ် နှစ်ကြိမ်ခန့် ဖြစ်ပေါ်နေတာကြောင့် မိကျောင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေကို ကျေးရွာတိုင်းမှာ စိုက်ထူထားပါတယ်။ ဒေသခံပြည်သူတွေကတော့ မိကျောင်းအန္တရာယ်ကို စိုးရိမ်နေတာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ မိကျောင်းတွေကို ထိန်းသိမ်းမှုတွေ လုပ်ဆောင်ပေးဖို့ လိုလားတောင်းဆိုနေကြပါတယ်။ လှေလုံးကွဲကျေးရွာမှာ နေထိုင်သူ ဒေါ်သန်းသန်းဦးက “မီးနေသည်ဆိုလည်း ဆွဲဖူးပါတယ်။ မပါသွားဖူးဘူး။ နောက်တခါ မကြာသော အချိန်ကာလကလည်း ဒေါ်ကြီးတို့ လှေလုံးကွဲဘက်ရဲ့ ဟိုဘက်ထိပ်မှာ တယောက်ကို ဆွဲတယ်။ မပါသွားဘူး။ အဲဒီလူတွေလည်း လက်ရှိ ရှိနေတာပဲ။ တယောက်ကတော့ သေကိုသွားတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဌာနဆိုင်ရာ၊ သက်ဆိုင်ရာကနေပြီးတော့ နည်းနည်းပါးပါးတော့ ထိန်းထိန်းသိမ်းသိမ်းလေးတော့ လုပ်ပေးစေချင်တာပေါ့ကွယ်” လို့ ပြောပါတယ်။ လှေလုံးကွဲကျေးရွာမှာ နေထိုင်သူ ကိုလှမင်းက    “ဖြတ်သွားဖြတ်လာလုပ်မိတဲ့အခါကျရင် မိကျောင်းအန္တရာယ်ပြုတာ ခံရတယ်။ မိကျောင်းက လှေတွေကို လိုက်တယ်။ ပြီးတော့ လူတွေနဲ့နီးရင် လူတွေကို မိရာလှမ်းဆွဲတယ်။ အဲလိုပေါ့။ လူတွေက အဲဒီလို ရုန်းရင်းကန်ရင်း သတ်လာလို့ အသက်ရှင်ရတာ။ ပြီးရင် ဝက်တွေ၊ ခွေးတွေကအစ ဆွဲတယ်” လို့ ပြောပါတယ်။ မိန်းမလှကျွန်း ဘေးမဲ့တောဟာ ဧရိယာပေါင်း ၃၃၇၇၉ ဧကရှိပြီး မိကျောင်းတွေဟာ နှစ်စဉ် ဧပြီလက နိုဝင်ဘာလအထိ မိတ်လိုက်တာ၊ အသိုက်ဆောက်တာ၊ ဥချတာနဲ့ သားပေါက်လေ့ရှိတာကြောင့် လူတွေကို ရန်မူတတ်လို့ ရေထဲမဆင်းဖို့ လိုတယ်လို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024