DVB Logo
Home
မြန်မာသတင်း
နှစ်ရှည်နိုင်ငံ​ရေး​အကျဉ်း​သား​ ၄ ဦး​ အညတရ သူရဲ​ကောင်း​ဆု ရရှိ
DVB
·
November 10, 2011
နှစ်ရှည်နိုင်ငံ​ရေး​အကျဉ်း​သား​ ၄ ဦး​ အညတရ သူရဲ​ကောင်း​ဆု ရရှိ
Donate to DVB

ဂျပန်နိုင်ငံရောက် မြန်မာစေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက ရွေးချယ်တဲ့ ဒုတိယအကြိမ်​ အညတရ​ သူရဲကောင်းဆုကို နိုင်ငံရေးအကျဉ်းသား ၄ ဦးက ရရှိသွားပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့စွဲနဲ့​​ကြေညာလိုက်တာဖြစ်ပြီး ဒီဆုကို လာမယ့်​ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့မှာ ပေးအပ် ချီးမြှင့်သွားမှာ​ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဦးဝင်းတင် ဦးဆောင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က  လက်ရှိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၄  ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ရေး ကော်မတီကနေ မနေ့က ကြေညာလိုက်တာ​ ဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ အညတရ သူရဲကောင်းတွေကတော့ ဆရာတော် ဦးဝိရသူ (မြစ်ကြီးနားထောင်)၊ ဦးစိုင်းလှအောင် (ကျောက်ဖြူထောင်)၊ ကိုသန့်ဇော် (သရက်ထောင်) နဲ့ မမာမာဦး (ဗန်းမော်ထောင်) တို့ကို ရွေးချယ်ထားပါတယ်။

အဆိုပါ အညတရ သူရဲကောင်း ၄ ဦးဟာ နှစ်ရှည် ထောင်ဒဏ်​ ချမှတ်ခံရသူတွေဖြစ်ပြီး လူထုအတွက် ဘ၀တွေပေးအပ် လုပ်ဆောင်သူတွေ​ ဖြစ်ပေမယ့် လူသိထင်ရှားတဲ့သူတွေ​ မဟုတ်တာကြောင့် ဒီဆုကို ပေးအပ်တာလို့ ဆုချီးမြှင့်ရေးအဖွဲ့က ကိုမင်းထက်ဇော်က ပြောပါတယ်။

“အဓိကတော့ ရွေးချယ်ရေးကော်မတီက တိုင်းပြည်နဲ့လူမျိုးအကျိုး၊ အများအကျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့သူတွေ နောက်ပြီး ဒီလူတွေက အမည်နာမအားဖြင့်လည်း ထင်ရှားခြင်းလည်း မရှိဘဲနဲ့ အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်ပြီး မိသားစုဘ၀တွေရော ကိုယ့်ဘ၀တွေရော စွန့်လွှတ်ပြီးတော့ လုပ်ခဲ့တဲ့စံပြနိုင်ငံသားတွေအဖြစ် စံပြုထိုက်သူတွေအဖြစ် ဒီ ၄ ဦးကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။”

ဆုအဖြစ် တဦးကို ကျပ်ငွေ ၁၀သိန်းနဲ့ ဆုတံဆိပ်ကိုပါ ချီးမြင့်သွားမှာဖြစ်ပြီး လူထုခေါင်းဆောင်​ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

လက်ရှိရွေးချယ်ထားတဲ့ အညတရသူရဲကောင်း ၄ ဦးဟာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရပေမယ့် အပြင်မှာ မိသားစုဝင် မရှိဘူးလို့ ကိုမင်းထက်ဇော်က ပြောပါတယ်။

ဒါကြောင့် ဆရာတော်ဦးဝိရသူ ကိုယ်စား နိုင်ငံကျော် စွယ်စုံအနုပညာရှင် လူရွှင်တော် ဦးဇာဂနာက တက်ယူမှာဖြစ်ပြီး ကျန်သူတွေအတွက်ကတော့ တာဝန်ရှိသူတွေကပဲ ကိုယ်စားယူမှာ ဖြစ်တယ်လို့ ကိုမင်းထက်ဇော် ပြောပါတယ်။

“ဆုရတဲ့သူတော်တော်များများက မိသားစုတွေ မရှိကြတော့ဘူး။ မမာမာဦးဆိုရင်လည်း မိသားစုက မရှိတော့ဘူး။ ဖအေတခု သမီးတခု နေတဲ့ကြားကနေ အဖေက ဆုံးသွားပြီ။ ကိုသန်းဇော်ဆိုရင်လည်း မိသားစုဝင် တဦးမှမရှိတော့ဘူး။ အကုန်လုံးဆုံးသွားကုန်ပြီ။ သူတို့ကိုယ်စားတော့ ပြည်တွင်းမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက ကိုယ်စားယူမှာပါ။ ဆရာတော် ဦးဝိရသူ ရဲ့ကိုယ်စားတော့ ကိုဇာဂနာက သူကိုယ်တိုင် တက်ယူမယ်လို့ ပြောထားပါတယ်။”

ပထမကြိမ် အညတရသူရဲကောင်းဆုကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒက (ဦးအောင်သန်းမြင့်)၊ ထောင်ဒဏ်အကြိမ်ကြိမ် ကျခံနေရတဲ့  ဦးခင်ဝင်း(ဘိုးတော်ခင်ဝင်း)နဲ့  HIV/AIDS ဝေဒနာသည်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင်တို့ကို ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလက ချီးမြှင့်ခဲ့ပါတယ်။

ဆုချီးမြှင့်ရေးကော်မတီအနေနဲ့  အညတရသူရဲကောင်းဆု ဂုဏ်ပြုပွဲ အခမ်းအနားကို တိုကျိုမြို့မှာ လာမယ့် ဒီဇင်ဘာလ ၁၈ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013